universal standard ဖြစ်တဲ့ USB-C port သုံး iPhone တွေဟာ ဈေးကွက်ကို ဆွဲဆောင်နိုင်မယ့်ထုတ်ကုန်ဖြစ်လာဖို့ ရှိပါတယ်။
iPhone တွေမှာ USB-C စံကို Apple က ကူးပြောင်းမှုမလုပ်တာကြောင့်ပဲ Hardware ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေဟာ iPhone တွေကို Lightning Port အိမ်ကနေ USB-C port အဖြစ် ကိုယ့်ဘာသာ Customize ပြောင်းလာကြပါတယ်။ အခုတစ်ခေါက်မှာတော့ ဆလိုဗေးကီးယန်းကုမ္ပဏီ DEEP ဟာ USB C port ဆင်ထားတဲ့ iPhone 12 Pro Max တစ်လုံးကို အောင်အောင်မြင်မြင် ဖန်တီးနိုင်ခဲ့တယ်လို့ GSMArena သတင်းက ဖော်ပြပါတယ်။
ဒီသတင်းမှာပဲ USB-C port သုံး iPhone 12 Pro Max ဟာ အပြည့်အဝ အလုပ်လုပ်နိုင်စွမ်းရှိတယ်လို့လည်း ဆိုပါတယ်။ iPhone တစ်လုံးအနေနဲ့ ဒါက Lightning ကနေ USB-C Port ကို ပြောင်းထားတဲ့ ပထမဆုံးအလုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း iPhone 12 Pro Max ထဲမှာတော့ ဒါက ပထမဆုံး USB-C Port ပြောင်းထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာပဲ ဆွစ်ဇာလန်နိုင်ငံက စက်ရုပ်နည်းပညာကျောင်းသားတစ်ဦးဖြစ်တဲ့ ကန်ပီလွန်နယ်ဟာ iPhone X တစ်လုံးကို USB-C port ပြောင်းပြီး လေလံတင်ရောင်းချခဲ့ပါတယ်။ USB-C iPhone X ကို eBay ပေါ် တင်ရောင်းခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၈၆၀၀၀ ကျော် (မြန်မာငွေ ၁၅၅ သိန်းခန့်) ဈေးနဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ ပီလွန်နယ်ရဲ့ USB-C iPhone X ကတော့ Update တင်လို့ မရသလို Restore လုပ်တာ ၊ Reset ချတာမျိုး လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီတစ်ခေါက် ဒုတိယမြောက် USB-C port သုံး iPhone ကတော့ Hardware နဲ့ Software အင်ဂျင်နီယာတွေပေါင်းပြီး ဖန်တီးလိုက်တာပါ။ DEEP ကနေ ပုံပြောင်းထားတဲ့ iPhone မှာတော့ Apple Devices တွေမှာ သုံးတဲ့ MFi Chip ပါတာကြောင့် အားသွင်းတာအပြင် ဒေတာကူးပြောင်းတဲ့ Data Transfer လုပ်တာမျိုးလည်း လုပ်နိုင်မှာပါ။ DEEP ရဲ့ USB-C iPhone 12 Pro Max မှာ Update တင်တာ ၊ Reset ချနိုင်တာမျိုး ရမရတော့ မသိရသေးပါဘူး။
ပုံပြောင်းထားတဲ့ iPhone တစ်လုံးအနေနဲ့ Water-Resistant ရနိုင်ပါဦးမလားဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ လောလောဆယ် DEEP ရဲ့ iPhone 12 Pro Max (USB-C port) မော်ဒယ်ကို eBay ပေါ်မှာ လေလံတင်ထားပြီး မတ်လ ၆ ရက်နေ့မှာ လေလံပွဲအဆုံးသတ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယမြောက် USB-C port သုံး iPhone ကို ဘယ်ဈေးနဲ့ ပေးဝယ်သွားကြမလဲဆိုတာကို မကြာခင်မှာ သိရတော့မှာ ဖြစ်ပါတယ်။