ရုပ်ရှင်ပြန်ရိုက်ရတော့မှာမို့ စိတ်လှုပ်ရှားလို့နေပါတယ်။

ဒေါင်းက သူ့အပေါ် ဆရာကြီး မင်းသိင်္ခရဲ့ဝတ္ထုတွေက အရမ်းကို လွှမ်းမိုးမှုရှိခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ ဒီဝတ္ထုတွေကြောင့်ပဲ သူ့ရဲ့ စိတ်ထဲမှာ ဘက်စုံတော်တဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ရည်မှန်းချက်ရှိတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဒေါင်းက စာဖတ်တာကို အင်မတန်မှ ဝါသနာကြီးသူဖြစ်ပါတယ်။ အခုလည်း ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေထဲက စနေမောင်မောင်၊ ဆားပုလင်းနှင်းမောင်နဲ့ ဒေါက်တာဆိတ်ဖွား ကာရိုက်တာတွေကို ပူးပေါင်းပြီး ရုပ်ရှင်ပြန်ရိုက်မယ့်အပေါ် ရင်ခုန်နေပြီလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ဆရာမင်းသိင်္ခရဲ့ ဝတ္ထုပေါ့။ ကျွန်တော်တို့ကို ငယ်ငယ်လေးကတည်းက လွှမ်းမိုးခဲ့တဲ့ ဇာတ်ကောင်တွေကို ပြန်ရိုက်ရမှာဆိုတော့ အမှတ်တရဖြစ်မှာပါ။ ငယ်ငယ်ကတည်းက ဖတ်ခဲ့ပြီး အခုချိန်ထိ မရိုးတဲ့ ဝတ္ထုထဲမှာ ဆရာမင်းသိင်္ခရဲ့ ဝတ္ထုက ထိပ်ဆုံးကပါတယ်။ ဒီဇာတ်ကောင်ကို ဒီလို ရိုက်မယ်လို့ ပြောပြီးသွားရင်တော့ ကျွန်တော်က ရင်ခုန်ပြီ’’ လို့ ဆိုပါတယ်။

ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုတွေက ဒေါင်းအပေါ် အရမ်းလွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။ ဇာတ်ကောင်တွေရဲ့ နေထိုင်မှု ပုံစံတွေကိုလည်း လေ့လာဖြစ်တယ်လို့ ဆက်လက်ဖြေဆိုခဲ့ပါသေးတယ်။

 ‘’အမှန်အတိုင်းပြောရရင် ကျွန်တော် ငယ်ငယ်လေးကတည်းက ဖတ်ကတည်းက အဲဒီလို ဘက်စုံတော်တဲ့သူ ဖြစ်ချင်ခဲ့တာ။ အဲဒါကြောင့် ဟိုစပ်စပ်၊ ဒီစပ်စပ်၊ အကုန်လိုက်လုပ်ဖြစ်နေတာ။ အဲဒါ သူကြောင့်ပဲ။ ကျွန်တော်တို့ကို အရမ်းလွှမ်းမိုးခဲ့တာကိုး။ ကျွန်တော်တို့ နိုင်ငံအတွက် Hero တွေက သူတို့တွေပဲရှိတာကိုး။ သူတို့က ပြဿနာကို ဘယ်လိုတည်ဆောက်တာ၊ ဘယ်လို ခံစားတာ၊ ဘယ်လို ရပ်တည်ချက်နဲ့ ဖြတ်သန်းကြတာ၊ ဘယ်လိုမျိုး တည်ငြိမ်ရင့်ကျက်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်တာ အဲဒါတွေက အဓိက လွှမ်းမိုးစေတာပေါ့’’ ဆိုပြီးတော့ မေလ ၂ရက်နေ့ က ဆရာမင်းသိင်္ခရဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်ဝယ်ယူခြင်း အခမ်းအနားမှာ ဖြေဆိုခဲ့တာပါ။

ဒေါင်းဟာ ဆရာကြီး မင်းသိင်္ခ ဝတ္ထုတွေကို ငယ်ငယ်ကတည်းက အားပေး ဖတ်ရှုလာတဲ့သူဖြစ်ပါတယ်။ ဒီဇာတ်ကောင်တွေ အပေါ်မှာလည်း သူကိုယ်တိုင် လေ့လာသိရှိခဲ့ရတဲ့ အချက်တွေအပေါ် အခုလို ပြောပြလာပါတယ်။

‘’ ဆားပုလင်းနှင်းမောင် ဆိုလည်း စာတွေဖတ်တာပဲ၊ စနေမောင်မောင်ဆိုလည်း စာတွေဖတ်တာပဲ။ သူတိို့က စာတွေဖတ်မှုကြောင့် ဒါတွေ နားလည်တယ် ဆိုပြီးတော့ ဆရာမင်းသိင်္ခက အဲဒါကို မက်ဆေ့ချ်ပေးချင်တာ။ အဲဒါတွေ ဖတ်နေရင်းကို စာရေးဆရာရဲ့ မက်ဆေ့ချ်က လူငယ်တွေ စာဖတ်ပါ။ စာဖတ်ရင် ဗဟုသုတ ပိုကြွယ်ဝတယ်၊ အသိဉာဏ်ပိုကြွယ်ဝတယ်၊ သူများထက်ပိုပြီး အကွက်တွေ များစွာကို မြင်နိုင်တယ်ဆိုပြီးတော့ စာရေးဆရာက သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဇာတ်ကောင်တွေကို နှလုံးသားထဲ ထည့်ပေးလိုက်တာ’’ လို့ သူကဆိုပါတယ်။

မိန်းကလေး ပရိသတ်အများစုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်လာရပါပြီ။ သူ့ကိုတော့ ‘’ပုဂံမြို့သူ’’ ရုပ်သံ ဇာတ်လမ်းတွဲကနေတဆင့် ပရိသတ်အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးရိုက်ကူးတဲ့ ‘’လရဲ့ အောက်ဘက် မိုင်အဝေးမှာ’’ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က