သံချပ်အဖွဲ့ဝင်တွေကို လက်ထိပ်ခတ်ခေါ်ဆောင်လာခဲ့ပါတယ်။

တပ်မတော်က ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ဒီနေ့ မေလ ၂၂ ရက်က မရမ်းကုန်းတရားရုံးမှာ ရုံးထုတ်ရာ ယခင်ရုံးချိန်းတွေထက် ရဲလုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဒေါင်းတို့မျိုးဆက်အဖွဲ့ကို တရားရုံးအတွင်း လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်လာတာကို တွေ့ရှိရပြီး ဒါဟာ တပ်မတော်ကနေ ဖိအားပေးမှုတွေကြောင့်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့မှ တရားစွဲခံရသူ ကိုဇေယျာလွင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ တစ်ရက်က ဗိုလ်တထောင်မှာ ရုံးထုတ်တယ်။ ကျွန်တော်တို့ရဲတွေနဲ့ အချင်းများရတယ်။ ဒီနေ့လည်း လက်ထိပ်အတင်းအကျပ်ခတ်ပြီး ကျွန်တော်တို့ကို အတင်းအကြပ်ခေါ်ဆောင်လာတွေရှိတယ်။ ဒါတွေဘာလို့ဖြစ်လာလဲဆိုတော့ ပြီးခဲ့တဲ့ ဗိုလ်တထောင်ရုံးချိန်းမှာ ရဲတွေ ပြောသွားတယ်။ စစ်တပ်က ဒီလိုမျိုးတွေ လုပ်ဖို့ ဖိအားပေးတယ်ဆိုပြီး ပြောသွားခဲ့တယ်” လို့ ကိုဇေယျာလွင်က ရုံးချိန်းအထွက်မှာ ပြောသွားခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ တပ်မတော်ဘက်မှ တရားလိုကို စစ်ဆေးခဲ့ပြီးနောက် နောက်ထပ်ရုံးချိန်းမှာ သက်သေခံ အဖြစ် တင်သွင်းထားတဲ့ သံချပ် စီဒီခွေ၊ ဓာတ်ပုံ၊ စာသားတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ချက်ကို အသေးစိတ်လျှောက်ထားမယ်လို့ တရားလွှတ်တော်ရှေ့နေ့ ဒေါ်စန်းစန်းမြင့်ကပြောခဲ့ပါတယ်။

“ ဒီနေ့က အမှုတွဲနဲ့ ပူးတွဲတင်ထားတဲ့ သံချပ်စာသား၊ ဓာတ်ပုံ၊စီဒီခွေတွေကိုသက်သေခံတင်သွင်းတယ်။ အဲဒါကို အန်တီတို့က အကြောင်းအခြင်းအရာ ပြသနာဖြစ်တယ်ဆိုပြီး ကန့်ကွက်တယ်။ နောက်ရုံးချိန်းမှာတော့ အသေးစိတ်ကန့်ကွက်မယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်တုန်းကလည်း ဗိုလ်တထောင်တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို ရုံးထုတ်ခဲ့ရာမှာ ရဲတွေနဲ့ ဝန်းရံသူတွေအကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါသေးတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ ရဲအရာရှိတစ်ဦးကို ထိခိုက်စေလို့ဆိုပြီး ဝန်းရံသူတွေကို ဗိုလ်တထောင်ရဲစခန်းကနေ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က