ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၉၁ ခုနှစ်မှာ ရွေးချယ်ချီးမြှင့်ခံခဲ့ရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်လည်ရုပ်သိမ်းသွားမှာ မဟုတ်ကြောင်း နော်ဝေနိုင်ငံအခြေစိုက် နိုဘယ်ဆုရွေးချယ်ရေးကော်မတီက သြဂုတ် ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

အော်စလိုမြီု့မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု လက်ခံရယူမှု မိန့်ခွန်းပြောကြားခဲ့စဉ် (Photo: Nobel Prize)





ကုလသမဂ္ဂရဲ့ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း ဘင်္ဂါလီမျိုးနွယ်စုတွေကို ဖိနှိပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပါအဝင် ကချင်နဲ့ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ထိပ်တန်းအရာရှိ ကြီးအချို့ကို တရားစွဲ ဖို့တောင်းဆိုမှု ထွက်ပေါ်လာခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်ရုပ်သိမ်းမှာမဟုတ်ကြောင်း ဆုရွေးချယ်ရေးကော်မတီက တရားဝင် ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Photo: ဂျေမောင်မောင် - အမရပူရ)



မြန်မာ့တပ်မတော်ရဲ့ တပ်ချုပ်နဲ့ ဗိုလ်ချုပ်ကြီးငါးဦးတို့ကို နိုင်ငံတကာဥပဒေအရ တရားစွဲဆိုရန် တနင်္လာနေ့ (သြဂုတ် ၂၇ ရက်) မှာ ကုလသမဂ္ဂရဲ့ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေး အကြမ်းမဖက်လှုပ်ရှားမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

"နိုဘယ်ဆုတစ်ခုဆိုတာ ရူပဗေဒမှာဖြစ်စေ၊ စာပေ ဒါမှမဟုတ် ငြိမ်းချမ်းရေးမှာဖြစ်စေ ပြီးခဲ့တဲ့ အတိတ်ကာလ အားထုတ်ကြိုးပမ်းမှု သို့မဟုတ် အောင်မြင်မှုအတွက် ချီးမြှင့်ထားတယ်ဆိုတာ မမေ့ဖို့အရေးကြီးပါတယ်" လို့ နိုဘယ်ဆုရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး အိုလက်ဗ်အန်န်ဂျိုလ်စတက်ဒ်က ပြောပါတယ်။

အိုလက်ဗ်အန်န်ဂျိုလ်စတက်ဒ် (Photo: New York Times)



"ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်အထိ ဒီမိုကရေစီနဲ့လွတ်လပ်မှုအတွက် သူမရဲ့ အားထုတ်လှုပ်ရှားမှုတွေအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တာပါ၊ အဲဒီနှစ်အတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်ခံရတာဖြစ်ပါတယ်" လို့ ၎င်းကဆိုပါတယ်။

နိုဘယ်ဆုရွေးချယ်ရေး စည်းမျဉ်းတွေအရလည်း ဆုတစ်ခုကို ပြန်ရုပ်သိမ်းခွင့်မရှိကြောင်း အိုလက်ဗ်က ဖြည့်စွက်ပြောပါတယ်။ နိုဘယ်ဆုရွေးချယ်ရေးကော်မတီမှာ နော်ဝေနိုင်ငံသား ငါးဦးပါဝင်ပြီး အများစုဟာ နိုင်ငံရေးသမားဟောင်းနဲ့ ပညာရှင်များ ဖြစ်ကြပါတယ်။

ရသစာပေစကားဝိုင်းမှာ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်



ယမန်နှစ်အတွင်းကလည်း ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဘာရစ် ရီအစ်အန်ဒါဆန်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုတွေရှိလာခဲ့ပေမဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပြန်ရုပ်သိမ်းမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၉၁ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရပေမဲ့ ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျခံနေရတာကြောင့် ဆုချီးမြှင့်တဲ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက် လက်ခံရယူနိုင်ခြင်း မရှိခဲ့ဘဲ ခင်ပွန်းဖြစ်သူနဲ့ သားနှစ်ဦးကသာ ကိုယ်စား လက်ခံရယူခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ခင်ပွန်းနှင့်သားနှစ်ဦးက နိုဘယ်ဆုလက်ခံရယူခဲ့စဉ် (Photo: Nobel Prize)



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရွေးချယ်ချီးမြှင့်ခံရပြီး နှစ်ပေါင်း ၂၀ ကြာပြီးနောက် ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်ကျမှသာ ဥရောပခရီးစဉ်တစ်ခုအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု လက်ခံရမှု အထိမ်းအမှတ်မိန့်ခွန်းကို ပြောကြားနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က