ဖြူဖြူကျော်သိန်းက သူမရဲ့ မွေးနေ့အလှူ အမှတ်တရအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်းတစ်ရာ လှူခဲ့ပါတယ်တဲ့။ ဒီလို လှူဒါန်းဖြစ်ခဲ့တဲ့ အမှတ်တရ တွေကို ပြောပြလာပါတယ်။
အဆိုတော်ဖြူဖြူကျော်သိန်းဟာ ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့အမှတ်တရ အလှူကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူမှာတော့ ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
‘’ ဒီနှစ် မွေးနေ့ကိုတော့ ဖြူဖြူက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှာ သူ့ရဲ့ ၄ ခုမြောက် Project မှာ လရောင်တော စိုက်ပျိုး သက်မွေးပညာသင်ကျောင်းအတွက်ကို အလှူငွေကျပ် သိန်း ၁၀၀ လှူဖြစ်ပါတယ်ရှင့်။ ပီတိဖြစ်တယ်၊ ပျော်တယ်၊ ဘုရားရဲ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီအလှူကလည်း ဖြူဖြူနဲ့ ဖြူဖြူ့မိသားစု တစ်စုတည်းရဲ့ အလှူမဟုတ်ပါဘူး။ ဖြူဖြူ့ကိုချစ်ကြတဲ့ ပရိသတ် တစ်ယောက်ချင်းစီရဲ့ အလှူလည်းဖြစ်တယ်’’ လို့ ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့တာဖြစ်ပါတယ်။
ဖြူဖြူကျော်သိန်းက သူမရဲ့ မွေးနေ့အလှူကို ဖောင်ဒေးရှင်းမှာ ရွေးချယ်လှူဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြလာပါတယ်။ ဒီအလှူလေး ဖြစ်မြောက်အောင် ကြိုးစားလာတာလည်း ကြာပါပြီတဲ့။
‘’အရင်ကတည်းကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူချင်ပါတယ်။ ဒါပေမယ့် ဖြူဖြူ့စိတ်ထဲမှာက ဖောင်ဒေးရှင်းကို လှူတဲ့အခါကျရင် ကိုယ့်ရဲ့ သမာအာဇီဝနဲ့ရှာတဲ့အထဲကမှ သေချာလေး၊ များများလေး စုဆောင်းနိုင်တဲ့အခါကျမှ အလုံးအထည်လေးနဲ့ လှူချင်တယ်ပေါ့နော်။ ဒီစိတ်လေးနဲ့လည်း စောင့်ပြီးတော့ ပိုက်ဆံစုနေတာလည်းပါတယ်’’ လို့လည်း ဆက်လက်ပြောပြလာပါတယ်။
အဲဒီနောက် ဧပြီလနဲ့ ပတ်သက်ပြီး သူတို့ မိသားစုမှာ အမှတ်တရလေးတွေရှိခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
‘’ ဖြူဖြူ့ရဲ့ မွေးနေ့က ဖေဖေနဲ့ မေမေ တို့ရဲ့ Anniversary မှာ မွေးတာ။ ဖြူဖြူ့အစ်မဆိုလည်း April 30 born ဆိုတော့ ဖြူဖြူတို့မိသားစုက April လထဲမှာ အချစ်တွေ စုနေကြတာ။ အရမ်းကို အမှတ်တရဖြစ်ပါတယ်’’ ဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါသေးတယ်။
ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ပရိသတ်တွေရဲ့ အသည်းကျော် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ အတွင်းကြေ သီချင်းကနေ ပရိသတ်တွေ ပိုပြီး သတိထားအားပေးလာကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်လို့နေပါပြီ။ ၂၀၁၉ ခုနှစ် သင်္ကြန်ကိုတော့ Channel K နဲ့အတူ မြကျွန်းသာလမ်းလျှောက်သင်္ကြန်မှာ သင်္ကြန် ၄ ရက်စလုံး ပါဝင်ဆင်နွှဲသွားမယ်လို့ သိရပါတယ်။