ဂါွဒီယိုလာအတွက်ရော အဂူရိုအတွက်ပါ ဒီဆုက ၆ ကြိမ်မြောက်စီ ရရှိခဲ့ကြတဲ့ တစ်လတာ အကောင်းဆုံး ဆုတွေ ဖြစ်လာပါတယ်။
မန်စီးတီးအသင်းရဲ့ နည်းပြ ဂါွဒီယိုလာက ဖေဖော်ဝါရီလအတွက် တစ်လတာအကောင်းဆုံး နည်းပြဆုကိုရရှိခဲ့သလို တိုက်စစ်မှူး အဂူရိုကလည်း တစ်လတာအကောင်းဆုံး ကစားသမားဆုကို ရရှိသွားတယ်လို့ Daily Mail က ဖော်ပြပါတယ်။ မန်စီးတီးအနေနဲ့ ဖေဖော်ဝါရီလထဲမှာ ၅ မှတ်အကွာရှိနေတဲ့ လီဗာပူးကို ၁ မှတ်အသာနဲ့ ပြန်ဦးဆောင်နိုင်ခဲ့တဲ့အ ထိ စွမ်းဆောင်ရည်ကောင်းကို ပိုင်ဆိုင်ခဲ့တာပါ။
ဒါ့အပြင် ဖေဖော်ဝါရီလထဲ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးကို အနိုင်ကစားထားနိုင်ခဲ့သလို ဒီပွဲတွေထဲမှာ အာဆင်နယ်ကို ၃-၁၊ချဲလ်ဆီးကို ၆-၀ ဆိုတဲ့ ရလဒ်တွေလည်း ပါဝင်နေတာပါ။ အခြားသော ပွဲတွေကတော့ အဲဗာတန်ကို ၂-၀ ၊ ဝက်စ်ဟမ်းကို ၁-၀ တွေနဲ့ နိုင်ခဲ့လို့ အဆိုပါ ၄ ပွဲကို ပြန်ကြည့် လိုက်ရင် ပေးဂိုးကလည်း ၁ ဂိုးသာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အခုလို တစ်လတာ အကောင်းဆုံး ဆုကို ရရှိခဲ့တာကတော့ နည်းပြ ဂါွဒီယိုလာအတွက် ၆ ကြိမ်မြောက် ရရှိတာဖြစ်ပြီး ဒီလအတွက် ဆုကိုတော့ မန်ယူနည်းပြ ဆိုးလ်ရှား၊ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီတို့နဲ့အတူ ယှဉ်ပြိုင်ခဲ့ရတာပါ။
တစ်လတာအကောင်းဆုံး ကစားသမားဆုကိုလည်း မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂူရိုကပဲ ရရှိခဲ့ပြန်ပါတယ်။ အဂူရိုကတော့ ဖေဖော်ဝါရီလထဲ ကစားခဲ့တဲ့ ၄ ပွဲမှာ သွင်းဂိုး ၇ ဂိုးထိ သွင်းယူနိုင်ခဲ့သလို ဟက်ထရစ် သွင်းဂိုး ၂ ကြိမ်အထိ ရရှိခဲ့သူပါ။ အသက် ၃၀ ရှိပြီ ဖြစ်တဲ့ အဂူရိုကတော့ ဘန်လေက အက်ရှ်လေ၊ နယူးကာဆယ်က ဆီယန်၊ လီဗာပူးက မာနေး၊ဗန်ဒိုက်၊ မန်ယူက ပေါ့ဂ်ဘာ၊လုခ်ရှော၊ ပဲလေ့စ်က ဇာဟာတို့နဲ့ အပြိုင် ဆန်ကာတင်စာရင်းဝင်ခဲ့သူပါ။
ဒီဆုကိုုတော့ EA SPORTS ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကနေ ပရိသတ်တွေ မဲပေးရွေးချယ်တာ ပါဝင်သလို၊ ပရီးမီး ယားလိဂ် အသင်း(၂၀)ရဲ့ အသင်းခေါင်းဆောင်တွေ၊ အားကစားကျွမ်းကျင်သူတွေက စုပေါင်းရွေးချယ်ပေးအပ် တာလို့ Daily Mail ရဲ့ ဖော်ပြချက်အရသိရပါတယ်။
အဂူရိုအတွက် ဒီဆုက ၆ ကြိမ်မြောက် ရရှိတာ ဖြစ်ပြီး လီဗာပူးက စတီဗင်ဂျာရတ်၊စပါးက ဟယ်ရီကိန်းတို့နဲ့ ဆုရရှိတဲ့အကြိမ်ရေ တူညီခဲ့ပြီလည်း ဖြစ်ပါတယ်။ ဇန်နဝါရီလအတွက် တစ်လတာအကောင်းဆုံး နည်းပြဆုကို ဆိုးလ်ရှားက ရခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရက်ရှ်ဖို့်ဒ်က ရထား ခဲ့ပါတယ်။