လက်ရှိ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။

နန်းဆုဦးကတော့ ပရိသတ်တွေ စိုးရိမ်ပေးခဲ့ကြတဲ့ သူမရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြလာပါတယ်။ ဆေးလည်း မကြာခဏစစ်ဆေးပေးနေရတယ်လို့ ဆိုပါတယ်။

နန်းဆုဦးကတော့ သူမရဲ့ ခြေထောက်ဒဏ်ရာကြောင့် အနုပညာအလုပ်တွေကို တဖြည်းဖြည်းချင်း လုပ်နေရတယ်လို့ ဆိုပါတယ်။ အလုပ်ထက် ကျန်းမာရေးကို ပိုဂရုစိုက်ပေးနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



“ ဇာတ်ကားရိုက်ဖို့ လာကမ်းလှမ်းရင်တော့ အခုကျန်းမာရေးနဲ့ အဆင်ပြေတဲ့ ဇာတ်လမ်းလေးဆိုရင်တော့ လောလောဆယ် ရိုက်တယ်။ တဖြည်းဖြည်းချင်း ဂရုစိုက်နေရတာဖြစ်တဲ့အတွက် ကျန်းမာရေးကို ပိုငဲ့နေရတာပေါ့။ ကျန်းမာရေးက ပိုအရေးကြီးတယ်လေ။ ကျန်းမာအောင် ဂရုစိုက်နေရတာပေါ့။ အခုတော့ တော်တော်ကောင်းလာပြီ။ အလုပ်လည်းလုပ်လို့ရလာပြီပေါ့။ အလုပ်ကို ချင့်ချင့်ချိန်ချိန်လေးတော့ လုပ်ရတာပေါ့” လို့ သူကဆိုပါတယ်။

Photo: Nan Su Oo

အခုလက်ရှိမှာလည်း သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မကြာခဏ ဆေးစစ်တာတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ အစားအသောက်တွေလည်း ရှောင်နေရပါတယ်တဲ့။

“ခြေထောက်ဒဏ်ရာကတော့ ကောင်းလာပါပြီ။ ဆေးခန်းကိုလည်း တစ်လ တစ်ကြိမ် သွားသွားပြနေရတုန်းပါပဲ။ ဒဏ်ရာအတွက် ဆောင်ရန်၊ရှောင်ရန်လေးတွေလည်းရှိတာပေါ့နော်။ တချို့အစားအသောက်တွေဆိုရင်လည်း ရှောင်ရတာမျိုးတွေရှိတယ်။ ဆေးလည်းသောက်နေရတယ်။ အရမ်းအေးရင် မခံနိုင်ဘူး။ သေသေချာချာ သတိနဲ့တော့နေရတာပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ၃က ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

နန်းဆုဦးဟာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအခြေအနေကြောင့် အလုပ်နဲ့ ပတ်သက်ပြီး အားနာစရာတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

“စဖြစ်ဖြစ်ချင်းတုန်းက အလုပ်နဲ့ပတ်သက်ပြီး အများကြီး ပျက်ကွက်သွားတာတွေရှိတယ်။ တစ်ခါတလေကျတော့ ကိုယ်မလုပ်ပေးလိုက်နိုင်တဲ့ အရာလေးတွေအတွက် အားနာရတာပေါ့နော်။ လက်ခံပြီးသား အလုပ်လေးတွေလည်း ပျက်သွားတာပေါ့နော်။ အခုဖြစ်သွားတာကလည်း ရုတ်တရက်ဆိုတော့ ကြိုမသိနိုင်ဘူးပေါ့နော်။ ဒါပေမယ့် သိလိုက်ရတာက ကျန်းမာရေးကို အရင်ကထက်စာရင် ပိုဂရုစိုက်ရမှာပေါ့” လို့ သူကဆိုပါတယ်။

Photo: Nan Su Oo

နန်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာလည်းရိုက်ကူးထားသူဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ သူမရဲ့ အနုပညာသက်တမ်းကတော့ ၄ နှစ်ကျော် ၅ နှစ် ရှိပြီဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြသနေတာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ရုံတင်ပြသမယ့် ၃က ရုပ်ရှင်ကားကြီးမှာလည်း ခေါင်ဆိုင် ဆိုတဲ့ မိန်းကလေးတစ်ယောက်အဖြစ် အဓိက ဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က