အေးမြတ်သူကတော့ Covid ကာလမှာ ဈေးရောင်းရင်း မိသားစု စားဝတ်နေရေးအတွက် စီးပွားရှာနေရသူတွေ အပေါ် သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။
Photo Aye Myat Thu
သရုပ်ဆောင် အေးမြတ်သူကတော့ Covid ကာလ အိမ်မှာပဲနေတယ်လို့ ဆိုပါတယ်။ ဒီကာလမှာ ဈေးရောင်းနေကြတဲ့ သူတွေကိုလည်း သူမက အားကျနေမိတဲ့အကြောင်းပြောပြလာပါတယ်။
“အေးမြတ်သူဆိုရင် ၃ လပိုင်း ၈ ရက်နေ့ကတည်းက မန္တလေးက ပြန်လာတာ။ အဲဒီ ကတည်းက ဝင်ငွေ မရှိတာပေါ့နော်။ အခုထိလည်း အလုပ်ရှိဖို့ အလားအလာ မမြင်သေးဘူး။ ဒီအချိန်မှာ မရှိတဲ့အလုပ်တစ်ခုကို ရအောင် ရှာကျန်ပြီးတော့ အလုပ်လုပ်တဲ့သူတွေကို အရမ်းလေးစားတယ်။ ဒါပေမယ့် ပိုက်ဆံရှာတဲ့နေရာမှာ သမာအာဇီဝ ရှိဖို့တော့ လိုအပ်တာပေါ့။ အခုဆို ဖေ့စ်ဘွတ်မှာ ဈေးရောင်းကြတာတွေ တွေ့ရတယ်။ ဈေးရောင်းတာကို ဝါသနာပါတယ်။ သဘောလည်းကျတယ်။ အားလည်း အားကျတယ်။ ဒါပေမယ့် ကိုယ့်အကျိုးစီးပွားအတွက် အရမ်း အမြတ်ကြီးစားတာမျိုးလည်း မဖြစ်စေချင်ဘူူး” ဆိုပြီးတော့ မေလ (၃၀) ရက်နေ့ မနက် (၉) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယို ဖိုင်လေးနဲ့ တကွ ပြောခဲ့တာဖြစ်ပါတယ်။
Photo: Amazing Grace
အေးမြတ်သူကတော့ Covid ကာလမှာ ဈေးရောင်းပြီး မိသားစု စားဝတ်နေရေးအတွက်ရှာဖွေနေကြတဲ့ အပေါ်မှာလည်း သူမရဲ့ သဘောထားကို ပြောပြလာပါတယ်။
“ အခုလက်ရှိ ကြည့်နေတာ ဈေးရောင်းတဲ့သူ တအားများပြီးတော့ ဝယ်လိုအား နည်းနေတာကို တွေ့မိတယ်။ တချို့ကျတော့လည်း ပရဟိတအတွက် ရောင်းနေတာတွေ တွေ့ရတော့ ဝမ်းသာပါတယ်။ မုဒိတာလည်း ပွားပါတယ်။ တချို့ကျတော့မရောင်းဘူး။ ကိုယ်တိုင်ချက်ပြီး လိုက်ဝေနေတာမျိုးတွေရှိတယ်။ ဒီကာလအတွင်းမှာ အားလုံးက အနည်းနဲ့ အများ ခက်ခဲကြပါတယ်။ လူတိုင်းမှာ သူ့အတိုင်းအတာနဲ့တော့ အခက်အခဲတွေရှိကြပါတယ်။ အေးမြတ်သူဆိုရင်လည်း ဝင်ငွေမရှိပဲနဲ့ နေရတဲ့ ၃ လ ဆိုတဲ့ကာလက ခက်ခဲပါတယ်။ ကိုယ်တစ်နိုင်လောက်တော့ လှူပါတယ်” လို့ သူက ဆိုပါတယ်။
Photo -Aye Myat Thu
အေးမြတ်သူကိုယ်တိုင်ကလည်း Stay Home ကာလမှာ ဝင်ငွေ မရှိတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒီကာလမှာ စီးပွားရှာနေသူတွေကိုလည်း လောဘ နည်းစေချင်တယ်လို့ သူက ပြောပါတယ်။
အေးမြတ်သူ(Aye Myat Thu)ဟာ သရုပ်ဆောင် တစ်ယောက် မဖြစ်ခင်ကတည်းက ဈေးထဲမှာ အထည်ရောင်းခဲ့ရသူပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမက အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။