ဆောင်းဦးလှိုင်က သဘာဝဘေးဒဏ်ခံစားနေရတဲ့ မွန်ပြည်နယ်က ပရိသတ်တွေအတွက် နာရေးကူညီမှုအသင်းကနေတဆင့် အလှူငွေ လှူခဲ့တာကို တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်နေတဲ့အကြောင်းတွေကို ဦးကျော်သူကနေတဆင့် အမှာစကားပါးထားပါသေးတယ်။
Photo: Kyaw Thu
အဆိုတော်ဆောင်းဦးလှိုင်ဟာ ရေဘေးဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဝမ်းနည်းပူဆွေးလို့နေပါတယ်။ ဒါကြောင့် နာရေးကူညီမှုအသင်းကနေတဆင့် တတ်နိုင်သလောက် အလှူငွေလေး လှူဒါန်းခဲ့တယ် ဆိုတဲ့အကြောင်းကို ဆောင်းဦးလှိုင်ကိုယ်စား ဦးကျော်သူက ပြောပြထားပါတယ်။
‘’လူမှုဒုက္ခပေါင်းများစွာရင်ဆိုင်နေရရှာတဲ့ ဆင်းရဲနွမ်းပါးသောပြည်သူလူထုဟာတစ်နှစ်တစ်ခါ လောက် ရေကြီးတဲ့ဒဏ်ကို ခံစားကြရပြန်ပါတယ်။ ကျွန်တော်ပြည်ပရောက်နေတာကြာပြီ။ သိပ်တော့အထင်မကြီးကြပါနဲ့။ မျက်နှာငယ်ရတဲ့ဒုက္ခကိုနေ့စဉ်ဆိုသလို ရင်ဆိုင်နေရတာပါ။ လူမှုစီးပွားဘဝကလည်း တိုးတက်ကြီးပွား လာတာမျိုးမရှိပါဘူး’’လို့ အစပျိုးကာ သြဂုတ် ၁၃ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Kyaw Thu
ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရေဘေးဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ ဒေသတွေကို သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းဦးလှိုင်က ဒုက္ခရောက်နေသူတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောပြထားပါသေးတယ်။
‘’ဒါပေမယ့် အများပြည်သူဒုက္ခရောက်ပြီဆိုရင် ရန်ကုန်နာရေးအသင်းသားကျွန်တော်နေမရထိုင်မရ ဖြစ်နေတတ်ပါတယ်။လူမှုရေးသမားရဲ့ခံစားမှုဟာ လျော့ပါးသွားခြင်းမရှိပါ။ အခုလည်းကျွန်တော့်အဖေနဲ့ပူးပေါင်းပြီး မွန်ပြည်နယ်ရေဘေးဒုက္ခသည်တွေကိုသွားရောက် လှူဒါန်းကြတော့မယ့် ဦးကျော်သူဦးဆောင်တဲ့ ကျွန်တော်ချစ်တဲ့ ရန်ကုန်နာကူအသင်းသားတွေ အားတက်အောင် ကျပ်ငွေငါးသိန်း လှူဒါန်းလိုက် ပါတယ်။ ကျွန်တော်လည်းအဆင်မပြေပါဘူးဗျာ။ ကိုယ့်ထက်ပိုပြီးဒုက္ခရောက်နေသူတွေအတွက် ဆောင်းဦးလှိုင် 13.8.2019’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။
Photo: Mon New
ဆောင်းဦးလှိုင်(Song Oo Hlaing)ဟာ အခုဆိုရင် ဘော်နီယိုကျွန်းမှာ မိသားစုနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာနိုင်ငံကနေ မိသားစုနဲ့အတူ ပြောင်းရွှေ့သွားတာပါ။ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းမှာတော့ နောက်ဆုံးထွက်ရှိထားတဲ့ ‘’ကမ္ဘာ့စံချိန်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ကလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။ သူဟာ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်တာ ၁၁ နှစ်အကြာမှ ၂၀၁၉ ခုနှစ် မေလအတွင်းက စပြီး အမေရိကမှာရှိတဲ့ Kentucky ပြည်နယ် Louisville မြို့၊ Los Angeles မြို့
၊ San Francisco Chicago မြို့ ၊ Fort Wayne မြို့၊ Mary land မြို့၊ New York မြို့ နဲ့ Seattle မြို့ တို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ခဲ့တာ တွေ့ရပါတယ်။