ဝါရင့် သရုပ်ဆောင်ကြီးလွင်မိုးဟာ တောင်တက်ခရီးမှာ အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။
Photo : လွင်မိုး
ကိုယ်တိုင်လည်း တောင်တက်ရတာကို ဝါသနာပါသူတစ်ဦးဖြစ်တဲ့ လွင်မိုးဟာ ရေခဲတောင် မတော်တဆအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် စိတ်မကောင်း ဖြစ်လို့နေပါတယ်။ ရေခဲတောင် တောင်တက်ခရီးတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့ကို ဆရာသမားတွေ ပြောခဲ့တာလေးတွေကိုလည်း ပြန်လည်ဝေမျှထားပါတယ်။
“ရေခဲတောင်....တောင်တက်ခရီးတွေဟာ လွယ်ကူတဲ့အရာတွေတော့ မဟုတ်ပါ..မလွယ်ကူတဲ့ ရေခဲတောင်တက်ခရီးတွေထဲမှာမှ ဖုန်ကန်တောင်ဟာ အလွယ်ကူဆုံးနဲ့ အတွေ့အကြုံဗဟုသုတ သင်ယူစရာအကောင်းဆုံး..ရေခဲတောင်တက်လူငယ်တွေအတွက် ကြိုးစားဖို့ အခွင့်အရေးအကောင်းဆုံးတောင်ပဲဖြစ်ပါတယ်...သင်ယူစရာတွေ..လေ့လာစရာတွေထဲက ဆရာသမားတွေပြောတဲ့ စကားတခွန်းပြန်လည်ဝေမျှလိုက်ပါတယ်..".တောင်တက်သမားတွေရဲ့အောင်မြင်မှုတွေထဲမှာ ချောချောမောမောနဲ့ အိမ်ပြန်ရောက်ဖို့လည်းပါတယ်တဲ့"...ရေခဲတောင်မတော်တဆအတွင်းအသက်ဆုံးရံှုးခဲ့ရသူများအတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်” ဆိုပြီး ဧပြီ(၁၈) ရက်နေ့က လွင်မိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။
Photo : saint htet
၂၀၀၂ခုနှစ်က သူကိုယ်တိုင် ဖုန်ကန်တောင်ထိပ်သို့ တက်ရောက်ခဲ့တဲ့ ပုံလေးကိုလည်း လွင်မိုးက တင်ထားပါသေးတယ်။ ဧပြီ(၄) ရက်နေ့က The Summiter တောင်တက်အဖွဲ့ဝင်တွေဟာ ပူတာအိုကနေ ဖန်ဂရန်ရာဇီ ရေခဲတောင်သို့ သွားခဲ့ကြပြီး ဧပြီ(၁၂) ရက်နေ့မှာ အဖွဲ့ဝင်အယောက်(၂၀)ဟာ တောင်ထိပ်မှာ နိုင်ငံတော်အလံနဲ့အတူ အောင်ပွဲခံခဲ့ကျပါတယ်။
အောင်ပွဲခံပြီး တောင်ထိပ်ကနေ အဆင်းမှာ အဖွဲ့ဝင်ထဲမှ ညီမငယ် Saint Htet ဟာ မတော်တဆခြေချော်ကျပြီး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် အဖွဲ့ဝင်တွေသာမက သတင်းကြားသူအားလုံး စိတ်မကောင်းဖြစ်လို့နေကြရပါတယ်။ လွင်မိုးဟာ ဒီသတင်းကြားပြီး ရေခဲတောင်မတော်တဆအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် စိတ်မကောင်းဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။
Photo : လွင်မိုး
လွင်မိုးဟာ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် မိသားစု ကိုလည်း အချိန်ပေးနေရသူပါ။ သူ့မှာတော့ ချစ်စရာကောင်းတဲ့ မြေးလေး Liam လေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
လွင်မိုးဟာ ၁၉၉၂ ခုနှစ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’သမီးနဲ့ အမေများ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရသူပါ။ လွင်မိုးက ၁၉၉၉ ခုနှစ်က ‘’ရင်ထဲက ဆောင်းရာသီ’’ ဆိုတဲ့ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၁ ခုနှစ်မှာတော့ ‘’ပန်းတစ်ပွင့် ဖန်ဆင်းခြင်း’’ရုပ်ရှင်ဇာတ်ကား၊ ၂၀၀၄ ခုနှစ်မှာတော့ ‘’တစ်ခါက ဧရာဝတီညများ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။