ပြေတီဦးဖောင်ဒေးရှင်းကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ကြပါသေးတယ်။

ပြေတီဦးဖောင်ဒေးရှင်းမှတစ်ဆင့် တစ်ဖက်တစ်လမ်းကနေ ဆရာဝန်လောင်း ကျောင်းသား၊ ကျောင်းသူတွေကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ သရုပ်ဆောင် ရဲအောင်၊ စိုးမြတ်သူဇာနဲ့ ဒါရိုက်တာဏကြီးတို့က သူတို့ရင်ထဲက ပီတိစကားတွေကို အခုလို ပြောပြလာခဲ့ပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းကတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ၁၀ နှစ်တိုင်တိုင်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ဒီဖောင်ဒေးရှင်းကနေတဆင့် ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေကိုလည်း ကိုယ်တိုင်တတ်နိုင်သလောက် ကျောင်းထားပေးခဲ့ကြတဲ့ အနုပညာရှင်တွေရှိပါတယ်။ ဒီအထဲမှာမှ အကယ်ဒမီ သရုပ်ဆောင် စိုးမြတ်သူဇာက ရန်ကုန်ဆေးရုံကြီး ဆေးကုသဆောင်(၁) မှာ အလုပ်သင်ဆရာဝန်အဖြစ် ပညာလေ့လာနေတဲ့ ဆေးကျောင်းသူ ယုယုမွန်ကို ဆေးကျောင်းအတွက် ထောက်ပံ့ကူညီခဲ့တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



 ‘’ပညာဒါနလှူတာပေါ့။ မကြီးက ပရဟိတအလုပ်လေးတွေ လုပ်ချင်ပါတယ်။ အခုလို သမီးလေးက ဆရာဝန်ဖြစ်သွားပြီဖြစ်တဲ့အတွက် ပီတိလည်းဖြစ်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ဘယ်သူ့ကိုမှလည်း ဆရာဝန်ဖြစ်တဲ့အထိ ကျောင်းမထားပေးဖူးသေးတော့ အရမ်းပီတိဖြစ်ရတယ်’’ လို့ ဆိုပါတယ်။

အဲဒီနောက် အကယ်ဒမီ သရုပ်ဆောင် ရဲအောင်ကလည်း ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ဆေးတက္ကသိုလ်(မကွေး) Final (Part 1) မှာ ပညာသင်ကြားနေတဲ့ ဆေးကျောင်းသူ ထက်ထက်အေးငြိမ်း ကို ကျောင်းပြီးဆုံးသည်အထိ ပညာရေးထောက်ပံ့ ကူညီပေးဖြစ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

‘’ ပြေတီဦး ဒီလိုမျိုးလုပ်တယ်ဆိုတာ အရမ်းလေးစားတယ်။ အားလည်း အားကျတယ်။ ကိုယ်တိုင်လုပ်ချင်စိတ်ရှိလို့လည်း ဒီလိုဖြစ်လာတာပေါ့နော်။ ၂၀၀၉ ခုနှစ်ကတည်းက စလာတဲ့အချိန်ကနေ တစ်နှစ်၊ တစ်နှစ် ကျောင်းသားတွေနဲ့တွေ့တယ်၊ ပြောတယ်ဆိုတဲ့အချိန်မှာ ကိုယ်တွေလည်း အဲဒီလို လုပ်ချင်လာတယ်ဆိုတော့ ဒါဆိုရင် မကြီးစိုးတို့လည်းရှိတယ် တစ်ယောက်ချင်း ကူညီနိုင်တဲ့လူရှိတယ် ဆိုတဲ့အချိန်မှာ လုပ်ခွင့်ရတဲ့အတွက် ပြေတီဦးကိုလည်း တကယ်ကျေးဇူးတင်ပါတယ်’’ဆိုပြီးတော့ စက်တင်ဘာလ ၁ ရက်နေ့က ပြေတီဦးဖောင်ဒေးရှင်းက ကလေးတွေနဲ့ အလှူရှင်တို့ရဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့တာပါ။

ပြေတီဦးဖောင်ဒေးရှင်းကနေ တဆင့် တောင်ကြီးဆေးတက္ကသိုလ်မှ ပညာသင်ကြားနေတဲ့ ဆေးကျောင်းသား စိုင်းတင်ခေး ရဲ့ ပညာရေးကိုလည်း သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက ထောက်ပံ့ကူညီနေတာဖြစ်ပါတယ်။ ဒီအတွက် ပိုင်ဖြိုးသုရဲ့ကိုယ်စား ခင်ပွန်းဖြစ်သူ ဏကြီးက ပီတိစကားပြောပြလာပါတယ်။

‘’ ကျွန်တော် အရမ်းပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းကနေ ဖြည့်ဆည်းပေးနေတယ်လို့ ခံစားရတယ်။ နိုင်ငံအတွက် ပညာတတ်တွေ၊ ပြည်သူတွေထဲမှာ အသုံးဝင်မယ့် သူတွေ အများကြီး ထွက်လာမယ်။ ကို ပြေတီသာ ဒီလို မလုပ်ထားဘူးဆိုရင် ဒီလို ရလာဘ်ကောင်းတွေ ထွက်လာမှာ မဟုတ်ဘူးပေါ့နော်။ ဒီကလေးတွေလည်း ရှေ့ဆက် ဘွဲ့ရဦးမှာဆိုတော့ ဒီထက်အများကြီးရှေ့ဆက်လှမ်းနိုင်မယ်လို့ထင်တယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် သရုပ်ဆောင်အကယ်ဒမီ ပြေတီဦးကလည်း ပြေတီဦးဖောင်ဒေးရှင်းကနေ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အရာတွေကိုလည်း ထပ်မံပြောပြလာပါတယ်။

‘’ ကျွန်တော်တို့ဖောင်ဒေးရှင်းမှာက ဆေးတက္ကသိုလ်ရယ်၊ စက်မှုတက္ကသိုလ်ရယ်၊ ဥပဒေ သင်ကြားမယ့် ကလေးတွေရယ် ကို အကူအညီပေးနေတာပေါ့။ တခြား စီးပွားရေးတက္ကသိုလ်က ကလေးတွေကိုတော့ ဖောင်ဒေးရှင်းက မဟုတ်ပဲ ကျွန်တော့်ရဲ့ Parsonal အရ ကျောင်းထားပေးတာမျိုးတော့ရှိတယ်။ နောက်ဆိုရင်တော့ ဆရာဖြစ် ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအတွက်တော့ ထပ်တိုးဖို့ စဉ်းစားထားတာရှိပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် သရုပ်ဆောင် စိုးမြတ်သူဇာ၊ ရဲအောင်၊ ချစ်သုဝေ နဲ့ ပိုင်ဖြိုးသုတို့ကလည်း အနုပညာရှင်တစ်ယောက်ကို ဆေးကျောင်းသားတစ်ယောက်စီရဲ့ ပညာရေးထောက်ပံ့သူအဖြစ် တာဝန်ယူကာ ဘွဲ့ရသည်အထိ ပံ့ပိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကိုတော့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းမှာတော့ ဆရာဝန် (၇၄) ယောက်၊ အင်ဂျင်နီယာ(၆)ယောက်၊ ဘွဲ့ရသူ ကျောင်းသားဦးရေ (၇၀) ယောက်၊ ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ရှိတယ်လို့လည်း ပြေတီဦးက ပြောပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က