လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွှမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ရန်ကုန်တိုင်းလွှတ်တော်မှာ ပြောကြားခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်းမဲပေးနိုင်ဖို့ အိမ်ထောင်စုစာရင်းမရှိသူတွေကို တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း၊ ယာယီအိမ်ထောင်စု စာရင်းနဲ့ ကိုင်ဆောင်လက်မှတ် တစ်ခုခု အဖြစ် ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကျင်းပစဉ်။

တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက  ဥပဒေနှင့်အညီ ဖြေလျှော့ပြီး အိမ်ထောင်စု သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်မရှိတဲ့  မဲဆန္ဒရှင် ပြည်သူများအား အိမ်ထောင်စုသန်းခေါင်စာရင်းတွေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာ ဝန်ကြီးက ဖြေကြားခဲ့တာပါ။

“ရွှေ့ပြောင်းနေထိုင်သူများအနက် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူတွေကို  တရားဝင် အိမ်ထောင်စုလူဦးရေ စာရင်း၊ ယာယီအိမ်ထောင်စုလူဦးရေ စာရင်းကို စီမံချက်နဲ့ ဆောင်ရွက်ပေးနေပါတယ်။ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးဖို့ မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် ပေးနေပါတယ်”လို့ ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ဆိုပါတယ်။

နိုင်ငံသားဖြစ်ခြင်းက နိုင်ငံတော်အချုပ်အခြာ အာဏာရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်နေပြီး နိုင်ငံတော်လုံခြုံရေးကလည်း အရေးကြီးတာကြောင့် နိုင်ငံသားအရည်အချင်းပြည့်မီခြင်း မရှိသူတစ်ဦးကို  နိုင်ငံသားအဖြစ်ခွင့့်ပြုရင် နိုင်ငံအကျိုးစီးပွားအတွက် ထိခိုက်နိုင်တယ်လို့ ဝန်ကြီးက ဖြေကြားခဲ့တာပါ။

တိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားသူတွေအတွက်  မိဘတွေရဲ့ အထောက်အထား အချက်အလက်တွေ မပြည့်စုံပေမယ့်  မြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း စိစစ်ကြီးကြပ်ရေး အဖွဲ့(၅)ဦးကော်မတီရဲ့ ထောက်ခံချက်နဲ့ စိစစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ဖြေလျှော့ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သ့ူအင်အားဝန်ကြီးဌာနက သာမန်ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေခြင်း၊ ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးခြင်း၊ အခြေခံပညာကျောင်းတွေဖွင့်လှစ်ချိန်မှာ ကျောင်းသား၊ကျောင်းသူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်း၊ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကိုကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက်  မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေး ပြုစုဆောင်ရွက်နေတဲ့ လူဦးရေဆိုင်ရာ အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဒါကြောင့် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား တရားဝင် အိမ်ထောင်စုလူဦးရေစာရင်း၊ ယာယီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းစီမံချက်တွေကို ၂၀၁၉ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က