အိန္ဒိယရွေးကောက်ပွဲမှာ ပါတီမှားပြီး မဲပေးခဲ့မိတဲ့ အမျိုးသားတစ်ဦးက ၎င်းရဲ့ လက်ညှိုးကို ကိုယ်တိုင်ဖြတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဝမ်ကူးမားအမည်ရှိ အမျိုးသားက လက်ရှိ အာဏာရပါတီ BJP (Bharatiya Janata Party) ကို မတော်တဆ မှားယွင်းမဲပေးခဲ့မိတာ ဖြစ်ပါတယ်။
(အိန္ဒိယရွေးကောက်ပွဲ မဲပေးစက်များ) (Photo: DNAIndia)
တစ်ကယ်တမ်းမှာ ကူးမား ဒေသတွင်း ပါတီတစ်ခုကို မဲပေးလိုခဲ့တာဖြစ်ပေမဲ့ မဲပေးစက်ပေါ်မှာ ပါတီသင်္ကေတ အများအပြား ဖော်ပြထားခဲ့ရာ ၎င်းအနေနဲ့ ဝေခွဲမရဖြစ်ပြီး ပါတီးမှားယွင်း မဲပေးခဲ့မိကြောင်း သိရပါတယ်။ အိန္ဒိယရွေးကောက်ပွဲမှာ မဲပေးပြီးပါက မဲဆန္ဒရှင်တွေရဲ့ လက်ညှိုးကို ဖျက်မရတဲ့ မင်တစ်မျိုးဖြင့် အမှတ်အသား ပြုလုပ်ပေးပါတယ်။
ခုနစ်ရက် မဲပေးရတဲ့ ကမ္ဘာ့အကြီးဆုံး အိန္ဒိယရွေးကောက်ပွဲရဲ့ ဒုတိယအဆင့် (ဒုတိယရက်) မဲပေးမှုတွေကို ကြာသပတေးနေ့ (ဧပြီ ၁၈ ရက်) မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုနေ့မှာ ကူးမားက အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်ရှိ Bulandshahr မြို့မှာ မဲပေးခဲ့ပါတယ်။
(ပါတီမှားပြီး မဲပေးမိလို့ ကိုယ့်လက်ညှိုးကိုယ်ဖြတ်ပစ်သည့် ကူးမား) (Photo: Yogesh Kumar Singh)
ထိုသို့ မဲပေးရာမှာ ကူးမားက ၎င်းထောက်ခံအားပေးတဲ့ BSP (Bahujan Samaj Party) ပါတီကို မဲပေးလိုခဲ့ပေမဲ့ ပါတီသင်္ကေတ အမှတ်မှားပြီး BJP ပါတီကို မှားယွင်းမဲပေးမိခဲ့ပါတယ်။ ပါတီမှားပြီး မဲပေးခဲ့မိကြောင်း သိရှိသွားပြီးနောက် ဆောက်တည်ရာမရ ဖြစ်သွားတဲ့ ကူးမားဟာ နေအိမ်ကိုပြန်သွားပြီးနောက် ၎င်းရဲ့လက်ညှိုးကို အသားလှီးဓားမဖြင့် ခုတ်ဖြတ်ပစ်ခဲ့ကြောင်း သိရပါတယ်။ ပါတီမှားပြီး မဲပေးမိတဲ့ ကူးမားဟာ ၎င်းရဲ့ဘဝမှာ ပထမဆုံးအကြိမ် မဲပေးဖူးတာဖြစ်တယ်လို့လည်း ၎င်းနဲ့ညီအစ်တော်စပ်သူ ချန်ဒရာက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
(မဲပေးပြီးသူရဲ့ လက်ညှိုးကို မင်ဖြ့င် အမှတ်အသားလုပ်ပေးနေစဉ်) (Photo: Reuters)
"သူ့အမှားကို သိသွားပြီးတော့ ကူးမားက အတော်လေး ဆောက်တည်ရာမရ ဖြစ်သွားပြီး မင်စွတ်ထားတဲ့ သူ့လက်ညှိုးကို ခုတ်ဖြတ်ပစ်လိုက်တာပဲ၊ ဖျက်မရတဲ့မင်နဲ့ အမှတ်အသားလုပ်ထားတဲ့ သူ့လက်ညှိုးကိုမြင်တိုင်း သူက ဒေါသထွက်နေခဲ့တယ်လေ" လို့ ချန်ဒရာကဆိုပါတယ်။
ထို့နောက် ကူးမားကို မိသားစုက ဆေးရုံသို့ အလျင်အမြန်ပို့ခဲ့ကြောင်း သိရပါတယ်။
မဲပေးမှားပြီး ကိုယ့်လက်ညှိုးကို ကိုယ်တိုင်ဖြတ်ပစ်ခဲ့သူ ကူးမားကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာလည်း အွန်လိုင်းမှာ ပျံ့နှံ့ထွက်ပေါ်လာခဲ့တာ တွေ့ရပါတယ်။ "ကျွန်တော်က ဆင်ကို မဲပေးချင်တာ၊ ဒါပေမဲ့ ပန်းကို ပေးမိခဲ့တယ်ဗျာ" လို့ အဆိုပါ ဗီဒီယိုထဲမှာ ကူးမားက ပြောထားပါတယ်။ ကူးမား ထောက်ခံအားပေးတဲ့ BSP ပါတီရဲ့ သင်္ကေတာဟာ ဆင်ပုံဖြစ်ပြီး လက်ရှိ အာဏာရပါတီ BJP ရဲ့ သင်္ကေတက ကြာပန်းပုံဖြစ်ကြောင်း သိရပါတယ်။
အိန္ဒိယ အထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၁ ရက်မှ မေ ၁၉ ရက်အတွင်း အဆင့် ၇ ဆင့်ဖြင့် မဲပေးနေကြတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပထမဆုံးမဲပေးမှုတွေကို ဧပြီ ၁၁ ရက်မှာ စတင်ခဲ့ပြီး ဧပြီ ၁၈ ရက်မှာ ဒုတိယအဆင့် မဲပေးခဲ့ကြပါတယ်။ နောက်ထပ် မဲပေးမှုတွေကို မဲပေးမှုတွေကို ဧပြီ ၂၃၊ ၂၉ ရက်များနဲ့ မေ ၆၊ ၁၂၊ ၁၉ ရက်တို့မှာ ဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ေရွးကောက်ပွဲ မဲရေတွက်မှုတွေကို လာမယ့် မေ ၂၃ ရက်မှာ ပြုလုပ်သွားရန် သတ်မှတ်ထားပါတယ်။
ယခု ကျင်းပပြုလုပ်နေတဲ့ အန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၉၀၀ ရှိပြီး ခုနစ်ရက် မဲပေးရတဲ့ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယေရွးကောက်ပွဲရဲ့ မဲဆန္ဒနယ်မြေ စုစုပေါင်းဟာ ၅၄၃ ခုရှိပြီး နိုင်ငံတစ်ဝှမ်း မဲရုံပေါင်းတစ်သန်းဖြင့် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါတယ်။