ပြည်နယ် ၁၉ ခုနဲ့ District of Columbia ပူးပေါင်းအဖွဲ့က ထရန့်ကို တရားစွဲမှာပါ။

ရွှေ့ပြောင်းနေထိုင်တဲ့ ကလေးငယ်တွေကို အချိန်ကာလ မည်မျှကြာရှည်အထိသာ ထိန်းသိမ်းထားနိုင်ကြောင်း ဥပဒေကန့်သတ်ချက်ကို ပယ်ဖျက်မှုနဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရန့် အစိုးရကို တရားစွဲသွားမယ်လို့ အမေရိကန်ပြည်နယ် ၁၉ ခုနဲ့ District of Columbia ပူးပေါင်းအဖွဲ့က သြဂုတ် ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။

(ရွှေ့ပြောင်းမိသားစုများ) (Photo: AFP)

"ဒီ စည်းမျဉ်းအရ ထရန့်အစိုးရက လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနအနေနဲ့ အပြစ်မဲ့ ကလေးငယ်တွေကို အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းထားခွင့်ပြုလိုက်တာပါပဲ" လို့ မက်ဆာချူးဆက်ပြည်နယ် ရှေ့နေချုပ် Maura Healey က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။



အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက ၁၉၉၇ ခုနှစ် Flores Settlement သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောခဲ့ပါတယ်။ Flores Settlement သဘောတူညီချက်အရ အစိုးရအနေနဲ့ ရွှေ့ပြောင်းကလေးငယ်တွေကို ရက်ပေါင်း ၂၀ ထက်ပိုပြီး ထိန်းသိမ်းခွင့်မပြုထားပါဘူး။

(ကယ်လီဖိုးနီးယားရှေ့နေချုပ် Xavier Becerra) (Photo: AP)

သမ္မတအိမ်ဖြူတော်ကတော့ Flores Settlement ဟာ ခေတ်မမီတော့ကြောင်းနဲ့ လတ်တလော နှစ်များအတွင်း ဗဟိုအမေရိကမှ ရွှေ့ပြောင်းမိသားစုများနဲ့ ကလေးငယ်များဟာ ပမာဏများပြားစွာ နယ်စပ်ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံထဲသို့ ဝင်ရောက်နေကြတယ်လို့ ပြောခဲ့ပါတယ်။

ယခုအခါ အမေရိကန်အစိုးရက ကလေးငယ်တွေနဲ့ ၎င်းတို့ရဲ့ မိသားစုတွေကို အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်မယ့် မူဝါဒသစ်တစ်ခုကို ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

(တက္ကဆက်ရှိ ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံရေးစခန်းမှာ တွေ့ရသည့် သားအမိ) (Photo: AFP)

ထရန့်အစိုးရကို တရားစွဲဆိုမှုဟာ ဥပဒေနဲ့မညီညွတ်ဘဲ မလိုအပ်တဲ့ ထိန်းသိမ်းမှုကြောင့် ကလေးငယ်တွေ ထိခိုက်နစ်နာမှုကို ကာကွယ်ရန်ဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် Xavier Becerra က ပြောပါတယ်။

သမ္မတထရန့်ကို တရားစွဲဆိုမယ့် ပြည်နယ်များပူးပေါင်းအဖွဲ့မှာ ကွန်နက်တီကတ်၊ ဒယ်လာဝဲ၊ အီလီနွိုက်စ်၊ မယ်ရီလန်း၊ မီချီဂန်၊ နီဗာဒါး၊ နယူးဂျာစီ၊ နယူးမက္ကစီကို၊ နယူးယော့ခ်၊ အော်ရီဂွန်၊ ပင်ဆယ်ဗေးနီးယား၊ ရုဒ်အိုင်းလန်း၊ ဗာမောင့်၊ ဗာဂျီးနီးယား၊ ဝါရှင်တန်၊ မက်ဆာချူးဆက်၊ ကယ်လီဖိုးနီးယား၊ မင်နီဆိုတား၊ မိန်းပြည်နယ်များနဲ့ District of Columbia တို့ပါဝင်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(ထိန်းသိမ်းခံရသည့် အမေရိကန်သို့ ရွှေ့ပြောင်းလာသူများ) (Photo: LA Times)

သမ္မတထရန့်အစိုးရရဲ့ စည်းမျဉ်းအသစ်ကို လူ့အခွင့်အရေးအုပ်စုတွေကလည်း ဝေဖန်ထားကြပြီး တရားရုံးမှာ ကန့်ကွက်သွားမယ်လို့ ပြောထားပါတယ်။ ထရန့်က ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် ကြေညာထားခဲ့တဲ့ မူဝါဒများအနက် အဓိက တစ်ခုဖြစ်တဲ့ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကို နှိမ်နင်းနေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းကလည်း 'zero tolerance' မူဝါဒကို ထရန့်က စတင်ကျင့်သုံးခဲ့ပြီး နယ်စပ်မှာ ကလေးငယ် ၂,၃၀၀ ကျော်ကို ၎င်းတို့ရဲ့ မိဘများထံမှ သီးခြားခွဲကာ ထိန်းသိမ်းခဲ့ပါတယ်။ သို့သော် ထိုမူဝါဒကို ပြည်သူလူထုက အကြီးအကျယ် ကန့်ကွက်မှုများစွာရှိလာခဲ့ပြီးနောက် ထရန့်အစိုးရက ပြန်ရုပ်သိမ်းခဲ့ပါတယ်။

Share

Loading Next Article...
က္က