ဒီနေ့(ဇွန်လ၅ရက်)နေ့မှာ ပြုလုပ်တဲ့ ရုံးချိန်းသို့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော် တက်ရောက်လာခြင်း မရှိခဲ့ပါဘူး။
ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(ဇွန်လ၅ရက်)မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းသို့ တက်ရောက်လာခဲ့ခြင်း မရှိပါဘူး။ဝေဠုကျော်ဟာ ရသေ့တောင်သို့ ရောက်နေတာကြောင့် ခွင့်ယူထားတယ်လို့ ဝေဠုကျော်ရဲ့ ရှေ့နေက ဆိုပါတယ်။ ရုံးချိန်းသို့ တက်ရောက်လာတဲ့ တရားလို သင်းသင်းတော့ ဝေဠုကျော် ခွင့်ယူတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယခုလို ပြောပြခဲ့ပါတယ်။
"တရားခံဘက်က ရက်ပျက်တာ ၂ချိန်း ရှိပါပြီ။ သူတို့ဘက်ကပဲ စပျက်နေတာပါ။ သူတို့ဘက်ကမြန်မြန်ပြီးချင်တယ်လို့ ပြောပေမယ့် ဒီနေ့ ထပ်ပြီးတော့ ခွင့်ယူတယ်။ ကျွန်မလည်း စီးပွားရေးရှိတယ်။ လူမှုရေးရှိပါတယ်။ သူတို့က ပြောတယ် ပရဟိတလို့ ကျွန်မလည်း ပရဟိတလုပ်ဖူးပါတယ်။ ကျွန်မတရားမျှတမှုပဲ လိုချင်ပါတယ်"လို့ ဒီနေ့ရုံးချိန်းမှာ တရားလို သင်းသင်းက မီဒီယာတွေကို ပြောခဲ့ပါတယ်။
ဆက်လက်ပြီးတော့ လိုင်းပေါ်မှာ ပြန့်နေတဲ့ ရုံးတော်သို့ သမီးရည်းစားအသံဖိုင်တင်သွင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။
“အသံကိစ္စက မိန်းကလေး တစ်ယောက်က အရှက်သိက္ခာအကျခံပြီး ဒီအသံဖိုင်ကိုသွင်းမလား ။ ဝေဠုကျော်မှာလည်း ဒီအသံဖိုင်ရှိတယ်။ အဲ့အချိန်မှာတုန်းကတော့ သူနဲ့ကိုယ် သမီးရည်းစား ဖြစ်နေတော့ ကိုယ့်ရည်းစား သူများနောက်ကို ပါပြီး ဖောက်ပြန်မလားဆိုတဲ့ အတွေးနဲ့ ကျွန်မမိန်းမသားတစ်ယောက်အနေနဲ့ သူပြောတာ လုပ်တာပေ့ါ။ ကိုယ်ကတော့ အရှက်ခံပြီးတော့ ရည်းစားနဲ့ နေတဲ့ဟာကြီးကို ဘယ်လို အသံဖမ်းထားမတုန်း ။ အဲ့ဒါလေးပြောပြတာပါ။ မရှင်းတော့ဘူးလို့ နေမလို့ပါပဲ။ ဒီအသံဖိုင်က ဝေဠုကျော် သွင်းခိုင်းလို့ သွင်းပါတယ်။ ဝေဠုကျော်ဆီမှာ ဒီအသံဖိုင်ရှိပါတယ်။ ကိုယ်နဲ့ကြိုက်ခဲ့တုန်းက ချစ်သူရည်းစားလေး စပွန်ဆာထားနေတာမဟုတ်ဘူး” လို အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး ပြောခဲ့တာပါ။
ဒါကြောင့် ဒီနေ့မှာ အမှုမစစ်ဖြစ်ခဲ့သလို ရုံးချိန်းကိုလည်း ဇွန်လ(၁၉) ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။ သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။