တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ COVID-19 ကူးစက်မှုအသစ်များ တွေ့ရှိရမှု ဆက်လက် တိုးလာနေပြီး အာဏာပိုင်တွေက နောက်ထပ် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။
(Photo: (Noel Celis/AFP)
ဘေဂျင်းကနေ အခြား နေရာများသို့ ကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် ကူးစက်စေမှုအန္တရာယ်များတဲ့ လူတွေကို ဘေဂျင်းပြင်ပ ခရီးသွားလာမှု တားမြစ်ပိတ်ပင်ပြီး ဘေဂျင်းပြင်ပ သယ်ယူပို့ဆောင်ရေးအချို့ကို ရပ်ဆိုင်းထားပါတယ်။ ဘေဂျင်းအာဏာပိုင်တွေက ယနေ့ (ဇွန် ၁၆ ရက်) ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၂၇ ဦး တိုးလာခဲ့ပြီး လက်ရှိအချိန်အထိ အတည်ပြုလူနာသစ် ၁၀၆ ဦးအထိ ရှိလာပါတယ်။
ယခုတွေ့ရှိရတဲ့ ကူးစက်မှုဟာ တရုတ်နိုင်ငံမှာ ဖေဖေါ်ဝါရီလနောက်ပိုင်း အဆိုးဆုံးဖြစ်ပြီး COVID-19 ကူးစက်မှု ဒုတိယလှိုင်းဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ကူးစက်မှုအသစ်များ ပြန်တွေ့လာရတဲ့ ဘေဂျင်းမြို့တော်ကို COVID-19 စတင်တွေ့ရှိရာ ဝူဟန်မြို့ကဲ့သို့ lockdown လုပ်ထားတဲ့ပုံစံမဟုတ်ဘဲ နယ်မြေတစ်ခုကို စစ်ပွဲကာလ စီမံဆောင်ရွက်ချက်များဖြင့် ကူးစက်မှုထိန်းချုပ်ရန် လုပ်ဆောင်နေပါတယ်။
(Photo: Reuters)
အဆိုပါ နယ်မြေအတွင်း ၂၄ နာရီ စစ်ဆေးဂိတ်များထားရှိခြင်း၊ ကျောင်းများပိတ်ထားခြင်းနဲ့ လူတွေကို အချင်းချင်း ခပ်ခွာခွာနေကြရန် ညွှန်ကြားထားခြင်း ဆောင်ရွက်ထားပါတယ်။ ဘေဂျင်းမှာ COVID-19 ကူးစက်မှုတွေဟာ မြို့ရဲ့ အနောက်တောင်ပိုင်းရှိ Xinfadi အစားအစာ လက်ကားဈေးကြီးနဲ့ ဆက်နွယ်နေကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
ထိုလက်ကားဈေးကြီးမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ သားငါးတို့ကို နေ့စဥ် တန်ချိန်နဲ့ချီ ရောင်းချကြတာလည်း ဖြစ်ပါတယ်။ ဘေဂျင်းမြို့မှာ နောက်ထပ် နေရာတွေကို COVID-19 ကူးစက်မှုအန္တရာယ် အလယ်အလတ်အဆင့်အဖြစ် တနင်္လာနေ့ (ဇွန် ၁၅ ရက်) က သတ်မှတ်လိုက်ပြီး ထိုသို့ သတ်မှတ်ထားတဲ့နေရာ စုစုပေါင်း ၂၂ ခုရှိလာပါတယ်။
(Photo: AFP)
ကူးစက်မှုအန္တရာယ် အလယ်အလတ်အဆင့် သတ်မှတ်ထားတဲ့ နေရာတွေမှာ ကူးစက်မှုဖြစ်ပွားနိုင်ခြေကို ကာကွယ်ရန်အတွက် တင်းကြပ်တဲ့ စီမံဆောင်ရွက်ချက်တွေကို လိုက်နာရန်လိုအပ်ကြောင်း သိရပါတယ်။ COVID-19 ကူးစက်မှုအသစ်တွေ တွေ့ရှိလာရပြီးနောက် ဘေဂျင်းမြို့ရဲ့ ဧရိယာအချို့ဟာ နေ့ချင်းညချင်း အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေနဲ့ စစ်ဆေးရေးဂိတ်များ ရှိလာခဲ့ပါတယ်။
COVID-19 ကူးစက်မြန် ကပ်ရောဂါကို ယမန်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရပြီး ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်း ကူးစက်ခံရသူ ၈ သန်းကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးသူ ၄၃၉,၀၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက်မှာ ၄.၂ သန်းကျော်ဖြစ်ကြောင်း သိရပါတယ်။
Source: Reuters, AFP