ဆွေမျိုးတော်စပ်တဲ့ အသက်အရွယ်ကြီးသူ လေးဦးကို ဟောင်ကောင်အရှေ့ပိုင်းရှိ ပန်းခြံတစ်ခုမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဟောင်ကောင်မှာ နေ့ခင်းကြောင်တောင် ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးကို လူသတ်မှုဖြင့် ယနေ့ (ဇွန်လ ၂၈ ရက်) စွဲချက်တင်လိုက်ပါတ်။




အဆိုပါ အမျိုးသမီးက သူမနဲ့ ဆွေမျိုးတော်စပ်တဲ့ အသက်အရွယ်ကြီးသူ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦးကို ဟောင်ကောင်အရှေ့ပိုင်းရှိ Quarry Bay ပန်းခြံမှာ ဇွန်လ ၂၆ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်က ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လူသတ်မှုဖြင့် ယနေ့ စွဲချက်တင်လိုက်တဲ့ အမျိုးသမီးက အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိတဲ့ တိုက်ခန်းတစ်ခန်းကို အမွေဆက်ခံခွင့်နဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်နေခဲ့ပြီးနောက် သူမရဲ့ အဒေါ်နှစ်ဦးနဲ့ ဦးလေးနှစ်ဦးတို့ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။



ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ Ada Tsim အမည်ရှိ အသက် ၄၄ နှစ်အရွယ် အမျိုးသမီးဟာ တရုတ်ပြည်မကြီးမှာ ကိုယ်ရံတော်အဖြစ် အလုပ်လုပ်ကိုင်နေသူလည်းဖြစ်ပြီး အဒေါ်နဲ့ဦးလေးတွေကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ပစ်ခတ်ခံခဲ့ရသူလေးဦးအနက် အသက် ၈၀ အရွယ် အမျိုးသမီးဟာ ပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာမှာ သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် အမျိုးသားကတော့ ယမန်နေ့က ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ပစ်ခတ်ခံရသူလေးဦးဟာ အသက် ၆၀ နဲ့ ၈၀ ကြားအရွယ် မောင်နှမတွေဖြစ်ပါတယ်။



အဒေါ်နဲ့ဦးလေးတွေကို ပစ်ခတ်ခဲ့တဲ့ အဆိုပါ အမျိုးသမီးကို လူသတ်မှုနှစ်ခုနဲ့ အပြင်းအထန် နာကျင်စေရန် ရည်ရွယ်ပစ်ခတ်မှုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။

ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ် သူမရဲ့ ကျောပိုးအိတ်အတွင်း ဓားနှစ်ချောင်းနဲ့ ကတ်ထူဖြတ်ကိရိယာတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။



ပစ်ခတ်မှုဖြစ်ပြီးနောက် Ada Tsim ကို ပန်းခြံအနီးရှိ Cityplaza မှာ ဖမ်းဆီးရမိခဲ့ပြီး ကျည်ဆန်ငါးတောင့်ရှိနေသေးတဲ့ ပစ္စတိုသေနတ်တစ်လက်နဲ့ ကျည်ဆန် ၄၁ တောင့်ပါ ကျည်ဆန်ဘူးတို့ တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားရုံးမှာ ယနေ့ စွဲချက်တင်ပြီးနောက် ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးကို ရမန်ရယူကာ ထိန်းသိမ်းထားမှာဖြစ်ပြီး အမှုကိုတော့ လာမယ့် စက်တင်ဘာ ၂၀ ရက်မှာ ဆက်လက် စစ်ဆေးကြားနာသွားမယ်လို့ သိရပါတယ်။ ဘေးကင်းလုံခြုံမှု  နာမည်ဂုဏ်သတင်းကောင်းရှိတဲ့ ဟောင်ကောင်မှာ ယခုကဲ့သို့ ပစ်ခတ်မှုနဲ့ ရာဇဝတ်မှုတွေဟာ ရှားပါးတဲ့ဖြစ်ရပ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က