ဟောင်ကောင်မှာ လူဦးရေ သန်းနဲ့ချီပါဝင်ကြတဲ့ အစိုးရဆန့်ကျင်ရေး ငြိမ်းချမ်းစွာ စုရုံးချီတက်ပွဲကို ယမန်နေ့ (သြဂုတ် ၁၈ ရက်) က ပြုလုပ်ခဲ့ကြပါတယ်။
(Photo: EPA)
ဟောင်ကောင်အစိုးရက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေခဲ့တာ သီတင်းပတ် ၁၀ ပတ်ကြာခဲ့ပြီလည်း ဖြစ်ပါတယ်။ ယမန်နေ့မှာတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ကြီးက ငြိမ်းချမ်းစွာ စုရုံးချီတက်ခဲ့ကြပါတယ်။
တရုတ်အစိုးရက ဟောင်ကောင်ဆန္ဒပြမှုတွေကို ပြင်းထန်တဲ့ သတိပေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း ဆန္ဒပြသူတွေက အံတုနေခဲ့ကြပါတယ်။ တရုတ်အစိုးရက ဟောင်ကောင်အနီးရှိ Shenzhen မြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားပြီး ဟောင်ကောင်ဆန္ဒပြမှုတွေဟာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုနဲ့တူနေတယ်လို့ ပြောထားပါတယ်။
(Photo: Getty Images)
လန်ဒန်မြို့ရှိ တရုတ်သံအမတ်ရဲ့ လက်ထောက်ဖြစ်သူကလည်း ဟောင်ကောင်အစိုးရအနေနဲ့ အခြေအနေကို မထိန်းသိမ်းနိုင်ပါက တရုတ်ဗဟိုအစိုးရက ထိုင်ကြည့်နေမှာမဟုတ်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်း ဗြိတိန်သတင်းဌာန BBC က ဖော်ပြပါတယ်။ ယမန်နေ့ ဆန္ဒပြမှုကို Civil Rights Huanm Front အဖွဲ့အစည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်တွေက ဟောင်ကောင်မြို့တစ်လျှောက် စုရုံးချီတက်မှုကို ခွင့်မပြုခဲ့ပေမဲ့ ဗစ်တိုးရီးယားပန်းခြံမှာ ဆန္ဒပြမှုကိုတော့ ရဲတပ်ဖွဲ့က ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။
(Photo: AFP/Getty Images)
စုရုံးချီတက်မှုမှာ ပါဝင်ခဲ့သူ မစ္စတာဝေါင်က "ကျွန်တော်တို့ နှစ်လကျော်ကြာ တိုက်ပွဲဝင်လာခဲ့ကြပြီးပါပြီ၊ ဒါပေမဲ့ အစိုးရက လုံးဝ တုံ့ပြန်မှုမရှိပါဘူး၊ ကျွန်တော်တို့ တစ်ကြိမ်ပြီးတစ်ကြိမ် လမ်းမပေါ်ထွက်လာနိုင်ပါတယ်" လို့ BBC သတင်းဌာနကို ပြောခဲ့ပါတယ်။ စီစဉ်သူတွေရဲ့ အဆိုအရ လူဦးရေ ၁.၇ သန်းပါဝင်ခဲ့တဲ့ လူထုကြီးက ရဲတပ်ဖွဲ့ရဲ့ တားမြစ်ပိတ်ပင်မှုကို ဖီဆန်ပြီး Admiralty, Causeway Bay နဲ့ Wan Chai နေရာတို့မှာ စုရုံးချီတက်ခဲ့ကြကြောင်း သိရပါတယ်။
(Photo: AP)
စုရုံးချီတက် ဆန္ဒပြမှုဟာ ယေဘုယျအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ အဆင်မပြေမှုများကို ဆိုးရွားစာဖြစ်စေခဲ့တယ်လို့ ဟောင်ကောင်အစိုးရ ပြောခွင့်ရအမျိုးသားက ပြောခဲ့ပါတယ်။ ဟောင်ကောင်မှာ နှစ်လကျော်ကြာ ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြအဓိကရုဏ်းများအတွင်း ရဲတပ်ဖွဲ့ဝင် ၁၈၀ ခန့် ဒဏ်ရာရခဲ့ပြီး ၎င်းတို့ရဲ့ မိသားစုတွေကို တိုက်ခိုက်ပြောဆိုမှုတွေနဲ့ ခြိမ်းခြောက်မှုတွေလည်းရှိခဲ့တယ်လို့ ဟောင်ကောင်အစိုးရက ဆိုပါတယ်။
ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်လကျော် သုံးလအတွင်း သီတင်းပတ်ကုန် ရက်များအပြင် အခြား ရက်တွေမှာပါ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။
(Photo: AP)
ဆန္ဒပြသူတွေက ဟောင်ကောင်နေရာအနှံ့အပြား စုရုံးချီတက်ပွဲတွေ ပြုလုပ်လာခဲ့ကြပြီး မိသားစုများမှ ရှေ့နေများအထိ အားပေးထောက်ခံမှုတွေ ရရှိထားကြပါတယ်။ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များသုံးပြီး လူစုခွဲရန် လုပ်ဆောင်ခဲ့သလို ဆန္ဒပြသူတွေကလည်း အုတ်ခဲများနဲ့ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြကာ အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။