သုံးလကြာ ဆန္ဒပြမှုများအတွင်း ပထမဆုံးအကြိမ် ကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့မှုဖြစ်ပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြအဓိကရုဏ်း ဖြစ်ပွားစဉ် ရဲတပ်ဖွဲ့အရာရှိတစ်ဦးက အနည်းဆုံး သေနတ်တစ်ချက်ပစ်ခဲ့ကြောင်းနဲ့ သုံးလကြာ ဆန္ဒပြမှုများအတွင်း ပထမဆုံးအကြိမ် ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်မှုလည်း ဖြစ်လာခဲ့ပါတယ်။

(Photo: AFP)

ယမန်နေ့ (သြဂုတ် ၂၅ ရက်) က ဟောင်ကောင်မြို့လယ်မှ ခြောက်မိုင်ခန့်အကွာ Tsuen Wan မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အားကစားကွင်းတစ်ခုမှာ လူပေါင်းထောင်နဲ့ချီ ပါဝင်ကြတဲ့ စုရုံးချီတက်မှုပြီးနောက် ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ထိပ်တိုက်တွေ့မှုအတွင်း ဖြစ်စဉ်တစ်ခုမှာ ရဲအရာရှိအချို့က ၎င်းတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်ခဲ့ကြကြောင်း အဆိုပါ နေရာမှာရှိနေခဲ့တဲ့ AFP သတင်းထောက်က ပြောပါတယ်။



(Photo: AFP)

"ကျွန်တော် သိရသလောက်တော့ ရဲအရာရှိတစ်ယောက် သေနတ်တစ်ချက်ပဲ ပစ်ခဲ့ပါတယ်၊ ကျွန်တော် ကနဦး သိရှိထားတာအရ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်က သူ့သေနတ်နဲ့ပစ်ခဲ့တာပါ" လို့ ရဲမှူး Leung Kwok Win က သတင်းမီဒီယာကို ပြောခဲ့ပါတယ်။ ထိုဖြစ်ရပ်အတွင်း ယူနီဖောင်းဝတ် ရဲအရာရှိ ခြောက်ဦးဟာ သံပိုက်လုံးတွေ ကိုင်ဆောင်ထားကြတဲ့ ဆန္ဒပြလူအုပ်စုကြီးနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့ CNA သတင်းထောက် Afifah Ariffin က သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

ထို့နောက် ရဲအရာရှိတွေက ၎င်းတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်ခဲ့ပြီး တစ်ဦးက ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်အပြီးမှာ ရဲတပ်ဖွဲ့က ပြောကြားရာမှာတော့ ရဲအရာရှိတစ်ဦးက ၎င်းရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ခံစားခဲ့ရတာကြောင့် လေထဲကို သေနတ်တစ်ချက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲအရာရှိရဲ့ ပစ်ခတ်မှုဟာ မည်သည့်နေရာကို ရည်ရွယ်ကြောင်း ရှင်းလင်းစွာ မသိခဲ့ရပါဘူး။

(Photo: AFP)

ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်လကျော် သုံးလအတွင်း သီတင်းပတ်ကုန် ရက်များအပြင် အခြား ရက်တွေမှာပါ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။ ယမန်နေ့ကလည်း လူဦးရေ ထောင်နဲ့ချီပါဝင်တဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့ကြောင်း သိရပါတယ်။


Share

Loading Next Article...
က္က