ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက သူမရဲ့ဟော့ပေါ့ဟင်းရည်ထဲမှာ ကြွက်သေတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ နာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းစုရဲ့ ဆိုင်ခွဲတစ်ခုမှ ဟော့ပေါ့ဟင်းရည်ထဲမှာ ကြွက်သေတစ်ကောင် တွေ့ရှိခဲ့ရမှု အွန်လိုင်းမှာ သတင်းပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါ စားသောက်ဆိုင်လုပ်ငန်းဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၉၀ ဝန်းကျင် ဆုံးရှုံးမှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Weibo





Xiabu Xiabu ဟော့ပေါ့စားသောက်ဆိုင်မှာ ဟော့ပေါ့လာစားခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက သူမရဲ့ဟော့ပေါ့ဟင်းရည်ထဲမှာ ကြွက်သေတစ်ကောင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဟော့ပေါ့ဟင်းရည်ထဲမှ ကြွက်သေကို တူတစ်စုံဖြင့်ညှပ်ထားတဲ့ ဓာတ်ပုံတစ်ပုံ အွန်လိုင်းမှာပျံ့နှံ့သွားခဲ့ပြီးနောက် Xiabu Xiabu စားသောက်ဆိုင်လုပ်ငန်းရဲ့ စတော့ရှယ်ယာတန်းဖိုးဟာ တစ်နှစ်နီးပါအတွင်း အနိမ့်ဆုံးသို့ ကျင်ဆင်းသွားခဲ့ကြောင်း သိရပါတယ်။

ရှန်ဒေါင်းပြည်နယ်မှာ ဖွင့်လှစ်ထားတဲ့ Xiabu Xiabu စားသောက်ဆိုင်လုပ်ငန်းရဲ့ ဆိုင်ခွဲတစ်ခုမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် ထိုဆိုင်ကို ယာယီပိတ်ထားတယ်လို့ ဆိုပါတယ်။

Photo: Weibo



စားသောက်ဆိုင်က ကိုယ်ဝန်ဆောင်အမျိုးသမီးကို နစ်နာကြေးအဖြစ် ယွမ်ငွေ ၅,၀၀၀ (အမေရိကန်ဒေါ်လာ ၇၂၉) ပေးအပ်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူကို မေးမြန်းခဲ့ရာမှာ စားသောက်ဆိုင်က ကမ်းလှမ်းတဲ့ နစ်နာကြေးကို လက်မခံခဲ့ကြောင်း ဒေသခံသတင်းဌာန Kankan News က ပြောပါတယ်။

အဆိုပါ အမျိုးသားက နစ်နာကြေးပမာဏကို လက်မခံမီ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို အလုံးစုံ ကျန်းမာရေးစစ်ဆေးမှု ပြလုပ်စေလိုခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးက စက်တင်ဘာ ၆ ရက်မှာ မိသားစုနဲ့အတူ Xiabu Xiabu စားသောက်ဆိုင်မှာ ဟော့ပေါ့လာစားခဲ့စဉ် အနည်းငယ်မျှ စားသောက်ပြီးနောက် ဟင်းရည်ထဲမှာ ကြွက်သေတစ်ကောင်ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

Xiabu Xiabu စားသောက်ဆိုင်တစ်ဆိုင် (Photo: NY Post)



စားသောက်ဆိုင်ဝန်ထမ်းက ကြွက်သေပါနေတဲ့ ဟော့ပေါ့စားခဲ့မှုကြောင့် ကလေးရဲ့ကျန်းမာရေးကို စိုးရိမ်ပါက ကိုယ်ဝန်ဖျက်ချရန် ပြောဆိုခဲ့ပြီး ကိုယ်ဝန်ဖျက်ချရန်အတွက် ယွမ်ငွေ ၂၀,၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်းလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက စွပ်စွဲခဲ့ပါတယ်။

ဟာ့ပေါ့ဟင်ရည်ထဲမှာ ပါလာခဲ့တဲ့ ကြွက်သေပုံဟာ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo မှာ လျင်မြန်စွာ ပျံ့နံှ့သွားခဲ့ပြီး ဒေါသတကြီးနဲ့ ရွံစရာကောင်းကြောင်း တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

"ဒီပုံကိုတွေ့ပြီး အန်ချင်လာတယ်၊ နောက်ဆို အပြင်ဆိုင်တွေမှာ ဟော့ပေါ့ သွားမစားတော့ဘူး" လို့ Weibo သုံးသူတစ်ဦးက ပြောထားပါတယ်။ ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်မှာတော့ Xiabu Xiabu စားသောက်ဆိုင်လုပ်ငန်းရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ယမန်နှစ် အောက်တိုဘာလနောက်ပိုင်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားခဲ့ပါတယ်။

Photo: Getty Images



Weibo သုံးသူ နောက်တစ်ဦးကတော့ "Xiabu Xiabu က အကြိုက်ဆုံး စားသောက်ဆိုင်တစ်ဆိုင်ပါပဲ၊ သူတို့က အတော်လေး သန့်သန့်ရှင်းရှင်း ဖြစ်မယ်လို့လည်း ထင်ခဲ့ပါတယ်၊ ဒီလိုဖြစ်တာကို ယုံတောင်မယုံနိုင်ပါဘူး" လို့ ရေးသားခဲ့ပါတယ်။

"တစ်ကယ်လို့ သူမရဲ့ကလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူတို့ သူမကို ဘယ်လိုများ လျော်ပေးကြမှာလဲ၊ လူတစ်ယောက်ရဲ့အသက်က ယွမ် ၂၀,၀၀၀ ပဲ တန်တာလား" လို့လည်း Weibo သုံးသူ အခြားတစ်ဦးက မေးခွန်းထုတ်ခဲ့ပါတယ်။ ဟော့ပေါဟာ တရုတ်နိုင်ငံနဲ့ အခြား အာရှဒေသတွေမှာ စားသုံးသူများတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က