အကြွေးပေးရမယ့်သူကို ရောင်းချခဲ့တာပါ။

ကလေးရဲ့မိခင်က ကလေးကိုဝယ်ယူသွားတဲ့အမျိုးသမီးဆီက အကြွေး(၂)သိန်းယူထားတာရှိပြီး ကလေးလာယူသွားတဲ့နေ့က နောက်ထပ် ငွေ(၂)သိန်း မိခင်ကို ထပ်ပေးခဲ့ပြီးတော့ ကျန်တဲ့ (၆)သိန်းကို နောက်မှလွှဲပေးမယ်ဆိုပြီး ကလေးကို တရုတ်နိုင်ငံကို ခေါ်သွားတာဖြစ်တယ်လို့ ရဲစစ်ဆေးချက်တွေအရသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ဈေးကုန်းအရှေ့ရပ်ကွက်မှာ မွေးကင်းစကလေးငယ်ကို မိခင်က အကြွေးပေးရမယ့်သူကိုငွေကျပ်(၁၀)သိန်းရောင်းစားခဲ့တယ်လို့ အင်းစိန်မြို့မ ရဲစခန်းက သိရပါတယ်။ လက်ရှိမှာ ကလေးကိုဝယ်ယူသွားတဲ့ အမျိုးသမီးက ကလေးကို တရုတ်နိုင်ငံကို ခေါ်ဆောင်သွားတယ်လို့ အင်းစိန်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကလေးကို လာခေါ်သွားတယ်ဆိုပြီး ရပ်ကွက်လူကြီးက လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့ကို အကြောင်းကြားတာ။လူကုန်ကူးတားဆီးကာကွယ်ရေးအဖွဲ့က ကျွန်တော်တို့နယ်မြေရဲစခန်းနဲ့ ဆက်သွယ်ပြီး သွားရောက်စစ်ဆေးတော့ဟုတ်တယ်။ ကလေးကမရှိဘူး။ ရောင်းစားတဲ့အမျိုးသမီးရဲ့ အမျိုးသားက ရထားလမ်း အလုပ်သမား၊ မနက်အစော အိမ်ကနေထွက်၊ ညနေမှ အိမ်ပြန်ရောက်တာ။ သူ့အမျိုးသားအိမ်ပြန်ရောက်တော့ ကလေးကအိမ်မှာ မရှိတော့ဘူးလို့ပြောတယ်။ သူ့ အမျိုးသားမရှိတဲ့အချိန် ကလေးကို ထည့်ပေးလိုက်တာ” လို့ အင်းစိန်ရဲစခန်းမှ ရဲအုပ်ရဲဝင်းထွဋ်က Duwun ကိုပြောပါတယ်။

ကလေးရဲ့မိခင်က ကလေးကိုဝယ်ယူသွားတဲ့အမျိုးသမီးဆီက အကြွေး(၂)သိန်းယူထားတာရှိပြီး ကလေးလာယူသွားတဲ့နေ့က နောက်ထပ် ငွေ(၂)သိန်းမိခင်ကို ထပ်ပေးခဲ့ပြီးတော့ ကျန်တဲ့ (၆)သိန်းကို နောက်မှလွှဲပေးမယ်ဆိုပြီး ကလေးကို ခေါ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ကလေးကိုခေါ်သွားတဲ့ သူကိုကျတော့ နယ်စပ်ကရဲတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီး ဖမ်းဆီးရမိရေးကို ဆောင်ရွက်နေတယ်၊ မိခင်ကိုတော့ ဖမ်းထားပြီဖြစ်တယ်လို့ ရဲအုပ်ရဲဝင်းထွဋ်က ပြောပါတယ်။ ရောင်းစားခံရတဲ့ ကလေးက မိန်းကလေးဖြစ်ပြီးသြဂုတ်လ (၇)ရက်နေ့ က အင်းစိန်ဆေးရုံမှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ကလေးကိုဝယ်ယူသွားတဲ့အမျိုးသမီးဟာလည်း တရုတ်နဲ့မြန်မာကို သွားလိုက်၊လာလိုက် လုပ်နေတဲ့သူတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာတော့ ကလေးကိုရောင်းစားခဲ့တဲ့ ကလေးရဲ့မိခင်ကိုရော၊ ကလေးကိုဝယ်ယူသွားတဲ့ အမျိုးသမီးကိုပါ အင်းစိန်ရဲစခန်းမှာ လူကုန်ကူးတားဆီးကာကွယ်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က