အရမ်းအေးတဲ့ရာသီဥတုမှာ ရေချိုးဖို့ ကြောက်နေတဲ့ ဓာတ်ပုံလေးတွေအကြောင်း နေတိုးက ပြောပြလာပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ရေမချိုးချင်လို့ မိဘတွေက အတင်းချိုး ခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။
Photo: Nay Toe
ကြောက် ကြောက် ကြောက် ၂ ရုပ်ရှင်ဇာတ်ကားထဲက နေတိုးရဲ့ ရေချိုးခန်းထဲက အမူအရာတွေကတော့ အခုချိန် ဆောင်းရာသီအအေးဒဏ်နဲ့ ကွက်တိဆိုသလိုဖြစ်နေပါပြီ။ ဒီဓာတ်ပုံလေးတွေကလည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို ရရှိခဲ့ပါသေးတယ်။ ဒီဓာတ်ပုံထဲက အမူအရာလေးတွေအကြောင်းကိုလည်း နေတိုးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ပုံမှန်အတိုင်းဆိုရင်တော့ ချမ်းနေတာပေါ့နော်။ ကြောက်လည်းကြောက် ချမ်းလည်းချမ်းတဲ့ မျက်နှာကာရိုက်တာ တွေက အပြင်မှာဆိုရင် မြင်ရခဲတယ်။ အဲဒီဇာတ်ကားထဲကစိတ်ခံစားမှုတွေက အရှေ့ဇာတ်ကားက အတိုင်းပဲ ဖိုးသံလုံးရဲ့ ကာရိုက်တာပဲ။ အရင်ဖိုးသံလုံးကကျတော့ နယ်မှာနေတဲ့ လူတစ်ယောက်၊ ဒီဇာတ်ကားမှာက မြို့မှာနေတယ် လူလတ်တန်းစားပုံစံပါပဲ။ ကာရိုက်တာက ကြောက်တတ်တဲ့ ကာရိုက်တာဆိုတော့ အဲဒီပုံစံဖြစ်နေတာပေါ့” လို့ဆိုပါတယ်။
Photo: Nay Toe
ကြောက်ကြောက်ကြောက် ၂ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း နေတိုးက ဖိုးသံလုံးဆိုတဲ့ ကောင်လေးရဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဖိုးသံလုံး ဇာတ်ကောင်ထဲကလိုပဲ ကြောက်လည်းကြောက် ရေလည်းချိုးရမှာပဲ ဆိုပြီးတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က "တန်ဖိုးရှိသော အသက်များ ကယ်တင်ကြပါစို့" ဆိုတဲ့ ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
“ အရင်ဖိုးသံလုံးရဲ့ ကာရိုက်တာကိုပဲ ပြန်ယူထားတာဖြစ်တဲ့အတွက် အဲဒီဓာတ်ပုံလေးတွေကိုပဲ Page ကနေ တင်လိုက်တဲ့အချိန်မှာ ပျံ့နှံ့သွားတာနဲ့ တူပါတယ်။ အချိန်ကလည်း အပူချိန်က ကျနေတော့လေ တိုက်ဆိုင်သွားတာနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရေကတော့ ချိုးရမှာပဲလေ။ ကျွန်တော်တို့လည်း ငယ်ငယ်တုန်းက အရမ်းချမ်းတဲ့နေရာမှာရှိခဲ့တယ်။ အရမ်းအေးတဲ့အချိန်မှာ ရေချိုးရတာ အခက်အခဲတော့ရှိတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် အားယူပြီးတော့ ချိုးရမှာပေါ့” လို့ ဆိုပါတယ်။
Photo: Nay Toe
နေတိုးကတော့ ရခိုင်လူမျိုး မာန်အောင် ဇာတိဖြစ်ပါတယ်။ ဆောင်းရာသီရောက်ပြီဆိုရင် အရမ်းအေးတဲ့ နေရာ တစ်နေရာပဲလို့သိရပါတယ်။ အရမ်းအေးလွန်းလို့ ရေမချိုးချင်ခဲ့တာတွေတောင်ရှိတယ်လို့ ဆိုပါတယ်။
“ ငယ်ငယ်တုန်းက နယ်မှာနေရတာဆိုတော့ ရေချိုးရတော့မယ့် အချိန်တွေဆိုရင် ကလေးလည်းဖြစ်နေတော့ ရေမချိုးချင်ဘူး။ ဒါပေမယ့် မိဘက ရေအတင်းချိုးပေးတဲ့အချိန်မျိုးတွေမှာတော့ ပုံထဲက လိုမျိုးတွေ ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ရေချိုးပါတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်းနဲ့ ပြောပြခဲ့တာပါ။
Photo: Nay Toe
နေတိုးဟာ သူပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းကို အပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
Share