ကျောင်းသားကျောင်းသူတွေရဲ့လုံခြုံရေးအတွက် ကျောင်းကားတွေမှာ ကျောင်းသားကျောင်းသူတွေ ကျောင်းကားပေါ်အတက်/အဆင်းအချိန်တွေကို မိဘတွေက သိရှိနိုင်မယ့် Smart Card စနစ်ကို ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုလို့ရမယ့် Application နဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ YRTA အဖွဲ့ဝင် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်ကပြောပါတယ်။ ဇူလိုင်လ(၂၄)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏပိုင်အဖွဲ့ (ရုံးချုပ်)ရဲ့ မီဒီယာများနဲ့တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
“ကျောင်းသားတွေရဲ့လုံခြုံရေးအတွက် ကျွန်တော်တို့ဒီ Card စနစ်ကို ဆောင်ရွက်တာပါ။ Smart Card လုပ်ဖို့အတွက် ကျောင်းသားတွေရဲ့ကိုယ်ရေးအချက်အလက် လိုအပ်တာကြောင့် မနေ့ကပဲ ကျောင်းသား ၁၉၄၆ ဦးကို ဖောင်တွေထုတ်ပေးလိုက်ပြီ။ မိဘတွေက ဖောင်ထဲကပါတဲ့ လိုအပ်တဲ့အချက်တွေကိုဖြည့်ပြီးလို့ ကျွန်တော်တို့ဖောင်တွေကိုပြန်သိမ်းပြီးသွားရင် Card မှာ အချက်အလက်တွေ ထည့်သွင်းပြီးတာနဲ့ Card ကိုထုတ်ပေးမယ်။ အဲ့ဒီလို Card တွေရလို့ ကျောင်းသားတွေ စပြီးအသုံးပြုတာနဲ့ သူတို့ကျောင်းကားပေါ်တက်တဲ့အချိန်၊ ဆင်းတဲ့အချိန်တွေကို မိဘတွေရဲ့ဖုန်းထဲမှာ သွားပေါ်မှာပါ။ အဲဒီလို မိဘတွေသိဖို့အတွက် ဖုန်းတွေထဲမှာ အသုံးပြုလို့ရမယ့် Application နဲ့ဆောင်ရွက်မယ်။ သြဂုတ်လကုန်လောက်မှာ စတင်အသုံးပြုနိုင်မှာပါ " လို့ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က မီဒီယာတွေကို ပြောပါတယ်။
School Bus ရဲ့ Smart Cardကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆိုပြီး သီးခြားခွဲထားပြီးတော့ အရောင်အားဖြင့်လည်း မိန်းကလေးအတွက် ပန်းရောင်၊ ယောကျာ်းလေးအတွက် အပြာရောင်ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။
သြဂုတ်လမကုန်ခင်မှာ အားလုံးသုံးလို့ရအောင် ဆောင်ရွက်ပြီးဖြစ်မယ်လို့ ဦးအောင်ညီညီမော်က ပြောပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျောင်း(၁၂) ကျောင်းကို ကျောင်းကားအစီးရေ (၁၀၂)စီးနဲ့ ကျောင်းသားကျောင်းသူ (၁၉၄၆) ဦးကို ပို့ဆောင်ပြေးဆွဲပေးလျှက်ရှိနေပါတယ်။