ထက်ထက်မိုးဦးက အခုလက်ရှိ ကြော်ငြာတွေရိုက်ကူးနေရတဲ့ အချိန်မှာ ဒွေးကို သတိရမိတဲ့အကြောင်းတွေ ပြောလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ရန်ဖြစ်လိုက် ပြန်တည့်လိုက်ပါပဲတဲ့။
ထက်ထက်မိုးဦးက လက်ရှိမှာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ကြော်ငြာရိုက်ကူးရေးတွေ များနေတာကြောင့် အရင်တုန်းက ကြော်ငြာအတူတူရိုက်ခဲ့ကြတဲ့ သရုပ်ဆောင် ဒွေးကို သတိရတဲ့အကြောင်းတွေ Duwun Media ကနေ ပြောပြလာပါတယ်။
‘’အရင်တုန်းကဆိုရင် ကိုသားကြီးနဲ့ အတူတူ ကြော်ငြာတွေ အများဆုံးရိုက်ခဲ့ရတာပါ။ အမှတ်တရအဖြစ်ဆုံးကတော့ ခဏခဏရန်ဖြစ်တာ။ တက္ကသိုလ်ကျောင်းမှာ သူ့ကို စောင့်ရလို့ဆိုပြီးတော့ နင်နဲ့ငါနဲ့ ပြောလိုက်တာကို သူအရမ်းတွေ စိတ်ဆိုးတာလေ။ နင့်ထက်ငါ အသက်တွေ အများကြီး ကြီးတယ်။ နင်ငါ့ကို နင်နဲ့ငါလို့ လာပြောစရာမလိုဘူးပေါ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။
Photo: Dway
ဒွေးကတော့ အရမ်းကို စိတ်ဆိုးတတ်သူတစ်ယောက်ဖြစ်လို့ ထက်ထက်မိုးဦးက ပြောပါတယ်။ အစ်ကိုတစ်ယောက်လို ချစ်ရတဲ့သူဖြစ်လို့လည်း မကြာခဏ စနောက်လိုက်၊ ရန်ဖြစ်လိုက်ပါပဲတဲ့။
‘’ မတည့်တာကတော့ လုံးဝပဲ။ သူက အရမ်း စိတ်ဆိုးတတ်တော့ စတာပေါ့နော်။ နောက်တော့လည်း ပြန်ချော့ရတာပါပဲ။ 1,2,3 Action ဆိုရင် ငိုဆို ငိုလိုက်တယ်၊ ရယ်ဆို ရယ်လိုက်တယ်။ အပြည့်အဝပဲ။ နှစ်ယောက် တစ်အိမ်မက် တုန်းကဆိုလည်း အဲဒီလိုပဲ ဇာတ်အိမ်အရမ်းခက်ခဲတဲ့ အခန်းတွေဆိုရင်လည်း အပေးအယူက စိတ်ထဲမှာရှိနေတော့ မျှနေတာပါပဲ’’ ဆိုပြီးတော့ ခေါင်းလျှော်ရည် ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။
Photo: Dway
ဒွေးနဲ့ ထက်ထက်မိုးဦးတို့ရဲ့ အအောင်မြင်ဆုံး ကြော်ငြာတွေကတော့ အများကြီးပါ။ သူတို့ နှစ်ယောက်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကလည်း တော်တော်များပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်တဲ့အခါ အားမလျှော့အောင် ဒွေးက အမြဲတမ်း အားပေးစကားပြောတယ်လို့ ဆိုပါတယ်။
‘’ တစ်ခါတလေကျရင် တစ်နေကုန်ရိုက်ပြီးပြီဆိုရင် မိန်းကလေးလည်းဖြစ်တော့ ကျန်းမာရေးမကောင်းတဲ့ အချိန်တွေဆို မရိုက်ချင်ဘူး။ မရိုက်ချင်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ဂျီကျလို့ရှိရင် သူက ဂျီဂျီလို့ခေါ်တာဆိုတော့ ကဲ ဂျီဂျီ လုပ်လိုက်တော့ ဒါပြီးရင်ရပြီ။မရိုက်ချင်ဘူးလို့ပြောလဲ ကဲပါ ဒီ တစ်ကဒ်ပြီးရင် ပြီးပါပြီ ရိုက်လိုက်ပါတော့ ဆိုပြီးတော့ ရိုက်ခဲ့ကြတာပါပဲ’’ လို့ ဆိုပါတယ်။
သူမဟာ ရွှေစင် ရတနာရွှေဆိုင် ကြော်ငြာကနေတဆင့် ကလေးရော၊ လူကြီးပါ မကျန် တခဲနက် အားပေးခဲ့ကြတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ တစ်ခေတ်တခါ က ကြော်ငြာဘုရင်မလေး လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။ ထက်ထက်မိုးဦးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေက ပရိသတ်ကို အချစ်မလျှော့အောင် အမြဲဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒီနောက် ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်း များစွာ တို့ကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
သူမဟာ ၁၉၉၁ ခုနှစ်က အနုပညာလောကထဲကို ပထမဆုံးအကြိမ် စတင်ဝင်ရောက်လာသူပါ။ အဲဒီနောက် ၁၉၉၆ ခုနှစ်မှာတော့ ပန်းသခင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ‘’ သမီးမိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒုတိယအကြိမ်မြောက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပါတယ်။
Share