သမိတ်မှောက်လှုပ်ရှားမှု အရှိန်မြှင့်တင်သွားမယ်လို့ဆိုပါတယ်။

ညှိနှိုင်းဆွေးနွေးမှုမပြေလည်ရင် သပိတ်မှောက်လှုပ်ရှားမှုအရှိန်မြှင့်သွားမှာလို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သပိတ်ဦးဆောင်ကော်မတီကကြေညာထားပြီး ကျောင်းသားတွေအခုတောင်းဆိုနေတာတွေနဲ့ပတ်သက်လို့လည်း အထက်အဆင့်ဆင့်တင်ပြပေးနေတယ်လို့လည်း ကျောင်းတာဝန်ရှိသူတွေဘက်ကပြောပါတယ်။ 

မန္တလေးတက္ကသိုလ်မှာ Food Court(စားသောက်ဆိုင်တန်း)ဆောက်လုပ်ထားတဲ့အပေါ် မကျေနပ်ကြလို့သပိတ်မှောက်နေကြတဲ့ကျောင်းသားတွေနဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဟာ မနေ့ကညက နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ပေမယ့်လည်း ညှိနှိုင်းမှုမရလို့ ပျက်ပြယ်သွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သပိတ်မှောက်ကျောင်းသားတွေဘက်ကတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုအပြစ်တင်ထားပြီး မနေ့ကညကတွေ့ဆုံဆွေးနွေးပွဲဟာ အတုအယောင်သာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

ဒါကြောင့်မို့လို့လည်း မူလကသတင်းထုတ်ပြန်ထားတဲ့အတိုင်း ဒီနေ့မနက်ပိုင်းမှာပဲစတင်လှုပ်ရှားခဲ့ရာမှာ သပိတ်မှောက်ကျောင်းသားတွေနဲ့အတူ ကျောင်းသူကျောင်းသားအင်အားတစ်ရာကျော်ပူးပေါင်းပါဝင်လာတာကိုတွေ့ရပါတယ်။

ညှိနှိုင်းဆွေးနွေးမှုမပြေလည်ရင် သပိတ်မှောက်လှုပ်ရှားမှုအရှိန်မြှင့်သွားမှာလို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သပိတ်ဦးဆောင်ကော်မတီကကြေညာထားတာပါ။

“ သပိတ်ဦးဆောင်ကော်မတီအနေနဲ့ ဒီနေ့ကစလို့ သပိတ်မှောက်အရှိန်မြှင့်တင်လိုက်ပြီဖြစ်သလို ဒီသပိတ်ကြောင့်ဖြစ်ပေါ်လာမယ့်အခြေအနေအရပ်ရပ်ဟာလည်း မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကြောင့်သာဖြစ်တယ်" လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်မယမင်းသူ(အရင်ဥက္ကဋ္ဌဟောင်း)ကပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ မန္တလေးတက္ကသိုလ်ဝင်းအတွင်း Food Court(စားသောက်ဆိုင်တန်း)တည်ဆောက်တဲ့ကိစ္စမှာ ကျောင်းတာဝန်ရှိသူတွေဘက်က နိုင်ငံတော်သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေကိုဖောက်ဖျက်ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ဆိုပြီး ဒါကိုပြန်စိစစ်ပေးဖို့တောင်းဆိုသပိတ်မှောက်နေကြတာပါ။

“ ကျောင်းတာဝန်ရှိသူတွေဘက်ကတော့ ဒီကိစ္စစလုပ်ကတည်းက သက်ဆိုင်ရာဌာနအဆင့်ဆင့်နဲ့ခေါ်ယူတွေ့ဆုံရှင်းပြခဲ့ပြီးမှလုပ်တာဖြစ်ပြီး ကျောင်းသားတွေရဲ့အခုတောင်းဆိုနေတာတွေနဲ့ပတ်သက်လို့လည်း အထက်အဆင့်ဆင့်တင်ပြပေးနေတယ်” လို့ မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်က Duwun ကိုပြောထားပါတယ်။

ကျောင်းသားတွေဟာ မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်း Food Court(စားသောက်ဆိုုင်တန်း)ဆောက်လုပ်ထားမှုနဲ့ပတ်သက်လို့ စက်တင်ဘာ ၂ ရက်ကစပြီး သမိတ်မှောက်ဆန္ဒပြခဲ့ကြတာပါ။

Share

Loading Next Article...
က္က