ဆေးကျောင်းသူလေး ဖြစ်ခဲ့ဖူးတဲ့ နီနီခင်ဇော်က ဆေးတက္ကသိုလ် ၂ ရဲ့ ၅၅ နှစ်မြောက် ဂီတဖျော်ဖြေပွဲမှာ ပါဝင်သီဆိုခွင့်ရခဲ့တဲ့ ခံစားချက်ကို ပြောပြလာပါတယ်။
Photo: Ni NI Khin Zaw Page
နီနီခင်ဇော်က ပညာသင်ကြားခဲ့ဖူးတဲ့ ဆေးတက္ကသိုလ် ၂ ကျောင်းတော်ကြီးကို လွမ်းတဲ့ အကြောင်းတွေ ရင်ဖွင့်လာပါတယ်။ ဆေးတက္ကသိုလ် ၂ ရဲ့ ၅၅ နှစ်မြောက် ဂီတဖျော်ဖြေပွဲမှာလည်း ပါဝင်သီဆိုခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
‘’ကျောင်းတော်ကြီး ဆေးတက္ကသိုလ် ၂ ကို လွမ်းဆွတ်ခြင်း။ မောင်နှမများကို ခွန်အားပေးရင်း သီချင်းတွေဆိုခဲ့ရာဝယ် အမိကျောင်းတော်ကြီးကတော့ ၅၅နှစ်တိုင်လှမြဲတိုင်းလှနေဆဲ။ ကျောင်းသူဟောင်း ပီပီမြေဝိုင်းပမာသီဆိုရတဲ့ ကျောင်း Libraryရှေ့သီချင်းဖျော်ဖြေဝိုင်းမှာဆိုရတာ။ ချစ်ခြင်းမေတ္တာပိုလို့ပေးခဲ့နိုင်သလိုလို မမေ့နိုင်တဲ့ အမိကျာင်းတော်ကြီးကတော့ သားသမီးကောင်းတွေအတွက်ရှင်သန်ရပ်တည်လျှက်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo: Ni NI Khin Zaw Page
အဆိုတော် နီနီခင်ဇော်က ‘’U’’ Album အတွက် MTV တွေရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ သီချင်းအောင်မြင်ခဲ့စဉ်ကလို MTV အောင်မြင်တာကတော့ သူ့အတွက် ရှားတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။
‘’နီနီကMTVထက် သီချင်းကို ပိုအားကိုးတဲ့သူပါ။ အဲ့ဒီလို အနုပညာရှင်ဆိုတာကိုလည်းပရိသတ်တော်တော်များများသိပါတယ်။ ဟိုးအရင်တုန်းကတည်းက သီချင်းအောင်မြင်ပြီးတော့မှပဲMTV ကြီး အရမ်းအောင်မြင်တယ်ဆိုတာကတော့ ရှားတယ်။ နီနီ့ဘဝမှာလေ သီချင်းပဲအောင်မြင်တာက ပိုများတယ်’’ လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Photo: Ni NI Khin Zaw Page
၂၀၁၉ ခုနှစ်မှာတော့ နီနီခင်ဇော်ရဲ့ ‘’U’’ MTV အခွေလေးက ပရိသတ်လက်ထဲကို ရောက်ရှိလာမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်လေ့ရှိတဲ့ နီနီက ဒီနှစ်မှာတော့ ဖျော်ဖြေပွဲကို ရက်ရွှေ့ထားတယ်လို့ ဆိုပါတယ်။
‘’နီနီ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲကတော့ ကြိုးစားနေတုန်းပေါ့ ပွင့်လင်းရာသီမှပဲပြန်လုပ်ဖြစ်လိမ့်မယ်။ ပုံမှန်ဆို နီနီ ၃ လပိုင်းဆိုလုပ်တယ်။ ဒီတစ်ခေါက်ကတော့ နီနီအခွေကို စောင့်မှာဖြစ်တဲ့အတွက် ၁၀လပိုင်းလောက်မှ လုပ်ဖြစ်မယ်ထင်တယ်။ အခွေကတော့ ၅လပိုင်းလောက်ထွက်မယ်’’ လို့ သူကဆိုပါတယ်။
Photo: Ni NI Khin Zaw Page
နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။