ထွန်းကိုကိုဟာ ကူလီထမ်းသမား တစ်ယောက်ရဲ့ ကာရိုက်တာဟာ သူ့အတွက်တော့ စိန်ခေါ်မှုများစွာ ရှိခဲ့ပါတယ်တဲ့။ ဒီဇာတ်ကားထဲက သူ့ရဲ့ ကြိုးစားမှုတွေကို အခုလို ပြောပြလာပါတယ်။
Photo: Tun Ko Ko
ထွန်းကိုကိုကတော့ ပျံကျကူလီရုပ်ရှင်ဇာတ်ကားကြီးထဲက ကူလီသမားတစ်ယောက်ရဲ့ ကာရိုက်တာဟာ စိန်ခေါ်မှုကြီးကြီးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပရိသတ်ထင်ထားသလို နုနုရွရွကာရိုက်တာတွေပဲ လုပ်တတ်တာ မဟုတ်ပါဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ဒီဇာတ်ကားထဲက ကာရိုက်တာကတော့ ကျွန်တော့်အတွက် လုံးဝ စိန်ခေါ်မှု တစ်ခုပဲ။ ကျွန်တော့်ကို ရဲကာရိုက်တာနဲ့ပဲ စမတ်ကျတယ်ပြောနေပေမယ့် ဒီလို ကာရိုက်တာကြမ်းကြမ်းတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူးလို့ ထင်ကြတယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် ကျရာဇာတ်ရုပ်ကို ပီပြင်အောင် လုပ်ရမှာ။ အဲဒီအတွက် သီရိမင်္ဂလာဈေးမှာ ကျွန်တော်သွားလေ့လာတယ်။ အဝတ်အစားတွေကအစ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ အဲဒီအတွက် ပထမဆုံးရက်၊ ပထမဆုံးသရုပ်ဆောင်ရတဲ့ ဇာတ်ဝင်ခန်းမှာတင် သူတို့နဲ့ တစ်သားတည်းဖြစ်ခဲ့တယ်။ တကယ့် ကူလီသမားတွေလို ဖြစ်သွားတာ။ မိတ်ကပ် အညိုတွေ လိမ်းပြီးတော့လည်း အသားကျအောင် နေပူလှမ်းရသေးတယ်။ ဇာတ်ကားရိုက်တဲ့ အချိန်မှာလည်း ရှုတင်ခုံတွေနဲ့ မထိုင်ဘူး ဈေးထဲမှာရှိတဲ့ လှည်းပေါ်တွေ ၊ ခြင်းပေါ်တွေ ထိုင်တာ” လို့ ဆိုပါတယ်။
Photo: Tun Ko Ko
ပျံကျကူလီ ရုပ်ရှင်ကားကြီးကိုတော့ သီရိမင်္ဂလာဈေးမှာရိုက်ကူးခဲ့တာလို့ သိရပါတယ်။ လူဆိုး၊ လူမိုက်တွေ ပေါတဲ့နေရာလို့ သိထားခဲ့တာကြောင့် အရမ်းကို ကြောက်မိခဲ့သေးတယ်လို့ ထွန်းကိုကိုကပြောပါတယ်။
“ကျွန်တော်တို့ ဒီဇာတ်ကားမရိုက်ခင်ကတည်းက ကြားထားတာက သီရိမင်္ဂလာဈေးမှာ ရိုက်မယ်ဆိုတော့ ဒီနေရာက လူဆိုးတွေလည်းရှိတယ်၊ အရမ်းဆိုးတယ်ပေါ့နော်။ ကြောက်ဖို့လည်းကောင်းတယ်ပေါ့။ သွားဖို့ဆိုကတည်းက တော်တော်များများက လန့်ကြတယ်။ ဒါပေမယ့် တကယ်တမ်းသွားရိုက်တဲ့အခါကျတော့ အားလုံးက ကူညီတယ်။ လိုအပ်တာ မှန်သမျှ အကုန်လုပ်ပေးတယ်။ ကျွန်တော်တို့နဲ့လည်း တစ်သားတည်းကျတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့က ပျံကျကူလီရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Tun Ko Ko
ထွန်းကိုကို ဟာ ပျံကျကူလီရုပ်ရှင်ဇာတ်ကားရိုက်နေတဲ့ အချိန်မှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ဒါပေမယ့် အနုပညာနဲ့ ပတ်သက်လာရင်တော့ ကြိုးစားခွင့်ရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တယ်လို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။
“ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတော်တော်များများက တကယ်လုပ်လိုက်တဲ့ အရာတွေချည်းပဲ။ ပါးရိုက်တဲ့ ဇာတ်ဝင်ခန်းတွေဆိုရင်လည်း တကယ်ရိုက်ရတာ။ ရိုက်လိုက်ဆိုပြီးတော့ ပါးလွှဲလိုက်တာမျိုး မဟုတ်ဘူး။ တကယ်ကို ပါးကိုလက်နဲ့ ဖြန်းခနဲဆို ထိပြီးတော့ ရိုက်ချပစ်တာ။ ရိုက်တဲ့အချိန်ကလည်း လုံးဝ အပူလိုင်းဖြတ်တဲ့အချိန်မှာရိုက်ရတာ။ အသီးအရွက်ရောင်းတဲ့ ဈေးတန်းမှာရိုက်တာဆိုတော့ အနံ့တွေလည်းအများကြီးရတယ်။ လူတွေလည်း အရမ်းများတယ်။ ပင်ပန်းခဲ့တာတွေလည်းရှိတယ်”လို့ ဆိုပါတယ်။
Photo: Tun Ko Ko
ပျံကျကူလီ ရုပ်ရှင်ကားကြီးကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ထွန်းကိုကိုနဲ့ အတူ ခန့်စည်သူ၊ကောင်းပြည့် ၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ထူးခြား၊ ရွှေမှုံရတီနဲ့ ရတနာဗို တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထွန်းကိုကို ( Yanpaing Tun Ko)ဟာ မိန်းကလေး ပရိသတ်များစွာ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရသူပါ။ ၂၀၁၃ခုနှစ်က ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ asia new star model contest ပြိုင်ပွဲမှာWinner ဆု ရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပရိသတ်တွေ စတင် သတိထားမိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ ကနေတဆင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ပိုမိုရရှိလာတာဖြစ်ပါတယ်။
Share