ဆံပင်ဆိုတာ မိန်းကလေးတွေအတွက်တော့ ဒုတိယမျက်နှာပါ။ ဆံပင်ပုံစံကို အမြဲပြောင်းချင်နေကြတဲ့သူတွေရှိသလို ဆံပင်ပုံစံပြောင်းချင်ပေမယ့် ပုံပျက်သွားမှာစိုးလို့ မပြောင်းရဲတဲ့သူတွေလည်း ရှိပါတယ်။ အခုကတော့ မိန်းကလေးတွေ တော်တော်များများ သဘောကျနှစ်ခြိုက်ကြတဲ့ Digital အကောက်လေးတွေကို အိမ်မှာ ဘယ်လိုကောက်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေ
ဆံပင်သားကို ကောက်ဖို့ဆိုရင် ဝယ်ရမယ့်အရာတွေတော့ ရှိပါတယ်။ ကောက်ဆေးတွေလည်း ဝယ်ရမှာပါ။ ဒါကတော့ လိပ်တံလေးတွေလိုပါမယ်။ ဆေးကိုလည်း Cosmetics ဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ ကိုယ့်ရဲ့ ဆံသားအလိုက် ဆိုင်မှာမေးပြီးဝယ်ရမှာပါ။ ဝယ်မယ်ဆိုရင် Perm Lotion Set ကိုဝယ်ရမှာဖြစ်ပါတယ်။ Perm Lotion Set မှာဆိုရင် No.1 ၊ No.2 ဒါမှမဟုတ် A နဲ့ B ဆိုပြီး ခွဲပေးထားပါတယ်။ ကောက်တံလေးတွေလည်း သုံးချင်တယ်ဆိုရင် သုံးလို့ရပါတယ်။
အဆင့် - ၁
ပထမဆုံးအဆင့်အနေနဲ့ ဦးရေပြားနဲ့ ဆံသားတွေကို သန့်ရှင်းစင်ကြယ်သွားအောင်လုပ်ရမှာ ပထမဆုံးအချက်ပါ။ ဒါ့ကြောင့် ဦးရေပြားနဲ့ ဆံသားတွေကို အညစ်အကြေးတွေ ကင်းစင်သွားအောင် ခေါင်းလျှော်ရပါမယ်။
အဆင့် - ၂
စင်ကြယ်အောင် လျှော်ပြီးသွားပြီဆိုရင်တော့ အခြောက်ခံရပါမယ်။ ဆံသားတွေ ခြောက်သွေ့သွားပြီဆိုရင် ကိုယ်လိုချင်တဲ့ အကောက်ပုံစံဟာ ဘယ်လိုလဲဆိုတာ ကိုယ်ကိုယ်တိုင် တိတိကျကျသိရပါမယ်။ အဖျားလေးတွေတင် ကောက်မှာလား ၊တစ်ခေါင်းလုံး ကောက်မှာလား ၊ အကောက်ကြီးလား ၊ အကောက်သေးလား ကိုယ်ကောက်မယ့် ပုံစံကို လိုက်ပြီး လိပ်တံလေးတွေ နဲ့ လိုချင်တဲ့ အနေအထားရအောင် လိပ်ရပါမယ်။
အဆင့် - ၃
အဆင့် ၃ ကတော့ ဆံသားတွေကို ဆေးထည့်ရမယ့် အချိန်ပါ။ လိပ်ထားတဲ့ ဆံလိပ်လေးတွေကို ဆေး 1 ဒါမှမဟုတ် A လိမ်းပေးရမယ့်အချိန်ပါ။ ဆေးထည့်ပြီးပြီဆိုရင်တော့ ၁၅မိနစ်လောက် ထားရပါမယ်။ (ချွင်းချက်အနေနဲ့ မိနစ်က ဆေးပေါ်မူတည်ပါတယ်။ ဆေးညွှန်းအတိုင်း မိနစ်ကို ထားရမှာပါ။ ကိုယ်သုံးတဲ့ ဆေးက ၁၅မိနစ်ဆေးလား၊ ၅မိနစ်ဆေးလား အစရှိသဖြင့် ဆေးညွှန်းအတိုင်းသုံးဖို့ လိုအပ်ပါတယ်။)
အဆင့်- ၄
ဆံသားတွေကို 1 ဒါမှမဟုတ် A သုတ်လိမ်းပြီး ၁၅မိနစ်ပြည့်ရင်တော့ နံပါတ် 2 ဒါမှမဟုတ် ဆေး B ကို သုတ်လိမ်းရပါမယ်။ ဒီဆေးကိုလည်း ၁၅ မိနှစ် ထပ်ထားရမှာဖြစ်ပါတယ်။ Digital အကောက်ကို လိုချင်တယ်ဆိုရင်လည်း ဆေးဝင်ပြီး မိနစ်၃၀ ခန့်မှာ Digital ကောက်စက်နဲ့ ကောက်ရပါမယ်။ ပြီးရင်တော့ ကောက်သားပေါ် ချုပ်ဆေး Spray ဖြန်း ၊ ၅မိနစ်ထားပြီး ရေဆေးချလို့ ရပါပြီ။
အဆင့် - ၅
မိနစ် ၃၀ ကြာ ဆေးထည့်သိပ်ပြီးပြီဆိုရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒါဆိုရင် လိုချင်တဲ့ ဆံပင်ကောက်ကောက်လေးတွေ ရရှိနိုင်ပါပြီ။ လိုသလို ပုံသွင်းလို့ရပါပြီ။ ကောက်သားတွေကို ပေါ်လွင်လှပအောင် ဆံပင်ကောက်တွေအတွက် ထုတ်ထားတဲ့ Hair Coat ကို နှံ့စပ်အောင် လိမ်းပေးဖို့ လိုအပ်ပါတယ်။
ကိုယ်တိုင် Beauty Solon ဖွင့်ထားသလို ဆံပင်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မမိုးပွင့်ဖြူကလည်း ခုလိုအကြံပေးပါတယ်။
"ဆံပင်အိမ်မှာကောက်မယ်ဆိုရင် ဆံပင်ကောက်ဆေးရယ်၊ ကောက်တံရယ် ၊ ကောက်တတ်တဲ့သူလိုပါတယ်။ ဒါကတော့ အခြေခံပါပဲ။ ဆံပင်ကိုလျှော် နောက် ခြောက်အောင်သုတ်၊ ကောက်ဆေးထည့်မယ်။ ကောက်ဆေးက A နဲ့ B ဆိုပြီး ရှိတယ်။ ကောက်တော့မယ်ဆိုရင် ကိုယ်က ဘယ်လိုကောက်မှာလဲ။ အဖျားကောက်မှာလား။ ဘယ်လိုကောက်မှာလဲ ဆိုတဲ့ပုံပေါ်မူတည်ပြီး ကောက်ဆေး A ထည့်ပေါ့။ ပြီးရင် လိပ်တံလေးနဲ့ လိပ်မယ်။ ပြီးတော့ ဘယ်နှမိနစ်ထားမှာလဲဆိုတာလည်း ကိုယ့်ဆံပင်နဲ့ ဆေးပေါ် မူတည်တယ်။ ဆေးတွေက အမျိုးမျိုးရှိတယ်။ တချို့ဆေးက ၁၅မိနစ်၊ တချို့ဆေးက ၅မိနစ် နဲ့ ခုဆို ၁မိနစ်ကောက်ဆေးတွေတောင်ရှိတယ်။ ကိုယ့်ဆံပင်ပေါ်လည်း မူတည်တယ်။ ဒီတော့ ဆေးမိနစ်ပြည့်သွားပြီဆိုရင် B ချုပ်ဆေးကို ထည့်မယ်။ B ဆေးလေးထည့်ပြီးရင်တော့ ၁၀မိနစ်လောက် ထပ်ထားတယ်။ B ဆေးကတော့ အစ်မတို့အခေါ် ချုပ်ဆေးပေါ့။ ၁၀မိနစ်ပြည့်ရင် ရေပြန်လျှော်ချပြီး ပုံသွင်းတယ်။ ပုံသွင်းတဲ့ နေရာမှာလည်း Digital ပုံသွင်းမလား ၊ လက်နဲ့လှည့်မလား ၊ ဆူးလိပ်လေးတွေနဲ့ ပုံသွင်းမလား ၊ Setting နဲ့ပုံသွင်းမလား ၊ အဲဒါတွေရှိသလို ဆံပင်မစိုမခြောက်အချိန်မှာလည်း ကောက်ဆီလေးလိမ်းလိုက်မယ်ဆို ကောက်သားလေးက သူ့ဘာသာသူ ပုံကျနေမှာပေါ့။ ရှောင်ရမှာတွေတော့ရှိတယ်။အိမ်မှာလျှော်မှာဖြစ်တဲ့အတွက် မျက်လုံးကို ထိလို့ လုံးဝမရဘူး။ သူက Chemical တွေ ပါတဲ့အတွက် မျက်လုံးကို ထိလို့မရဘူး။ နောက် Dryer မှုတ်ရင်လည်း ဆံပင်ကိုဖွာလန်ကျဲနေအောင် မှုတ်လို့မရဘူး။အဲဒါတွေကိုတော့ သတိထားရမယ်။ ဆေးအနေအထား၊ ဘယ်နှမိနစ်ထားရမလဲဆိုတာနဲ့ ကိုယ့်ဆံပင်အခြေအနေကို သိဖို့ လိုအပ်တယ်။"
နာမည်ကျော်အနုပညာရှင်တွေကို မိတ်ကပ်လိမ်းခြယ်ပေးနေတဲ့ မိတ်ကပ်ပညာရှင် ဂျော်နီကလည်း ထသွားထလာ ဆံပင်ကောက်ရမယ့်နည်းလမ်းတွေကို ပြောပြပါတယ်။
"ထသွားထလာ ဆံပင်ကောက်ချင်ပေမယ့် ကောက်တံနဲ့ ဆံပင်မကောက်တတ်ဘူး။ ဒါပေမယ့် ကောက်သားလှလှလေးတွေ လိုချင်တယ်ဆိုရင်တော့ ပထမဆုံးအချက်က ညမအိပ်ခင်မှာ ကျစ်ဆံမြီးကို နှစ်ဖက်ခွဲပြီးအရင်းကနေ တစ်ခေါင်းလုံးကျစ်လိုက်ပါ။ ပြီးရင်တော့ ကျစ်ဆံမြီးကျစ်ထားတာကို ထုံးပြီး အိပ်လိုက်ပါ။ မဟုတ်ရင်လည်း ဒီတိုင်း ကျစ်ဆံမြီးကျစ်အတိုင်း အိပ်လို့လည်းရပါတယ်။ နောက်တစ်ခုကတော့ ဆံပင်လေးတွေကို ခွေခွေပြီး ဖြောင့်စက်နဲ့ ခွေလို့ရပါတယ်။ မိတ်ဆွေရှိမယ်ဆိုရင်တော့ အပူချောင်းလေးနဲ့ လိပ်လို့ရပါတယ်။ အဲဒီ သုံးမျိုးနဲ့ ဆံပင်ကောက်လှလှလေးတွေရနိုင်ပါတယ်။
ဆံပင်တွေကို လှပသေသပ်နေအောင်လို့ တစ်ပတ်တစ်ခါလောက် Hair Mask တွေနဲ့ ပေါင်းတင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ဒါကတော့ အိမ်မှာအလွယ်တကူ ကောက်လို့ရတဲ့ နည်းလမ်းလေးတွေပါ။ ညီအစ်မတွေ ၊ သူငယ်ချင်းတွေ အိမ်မှာ အလွယ်တကူ အချင်းချင်းကောက်ပေးလို့ရတာမို့ ညီအစ်မတွေ ၊ သူငယ်ချင်း စုပြီး အိမ်မှာ စမ်းသပ်လုပ်ကြည့်လို့ရပါတယ်။ ငွေကုန်သက်သာသလို သူငယ်ချင်းတွေအကုန်စုပြီး ပျော်လို့ရတာမို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ လှပတဲ့ မဒီလေးတွေ ဖြစ်နိုင်ပါပြီ။