ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအုပ်စု၊ ကော့မိရွာမှာ သမက်ဖြစ်သူကနေ ယောက္ခမရဲ့ လည်ပင်းကို ဓားနဲ့ သုံးချက်တိတိ ခုတ်သတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် ည ၁၀ နာရီလောက်က မင်းကျောက်ခဲဆိုသူက မိန်းမ ဒေါ်မိမွန်နဲ့ စကားများရန်ဖြစ်ရာကနေ ဒေါ်မိမွန်ကို ပုဆိန်နဲ့ ခုတ်လိုက်တာကြောင့် ဂျိူစောင်းမှာ ဒဏ်ရာရရှိခဲ့ပြီး မူးမေ့သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီနောက် မင်းကျောက်ခဲဆိုသူကနေ အိမ်အပေါ်ထပ်မှာ အိပ်နေတဲ့ အသက် ၆၅ နှစ်အရွယ် ယောက္ခမဖြစ်သူ ဒေါ်ဝကို ၂ ပေလောက်ရှိတဲ့ ဓားမနဲ့ လည်ပင်းကို သုံးချက်တိတိ ခုတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ခုတ်ဖြတ်လိုက်တဲ့ ဦးခေါင်းကို အိမ်သာပေါ်မှာထားခဲ့ပြီး ထွက်ပြေးသွားခဲ့ရာ နယ်မြေခံအကူအညီနဲ့ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူ မင်းကျောက်ခဲ့မှာ စိတ်မူမမှန်သူတစ်ဦးဖြစ်တယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးချက်အရသိရပြီး သူ့ကို ကော့ဘိန်းနယ်မြေရဲစခန်း(ပ)၁/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၂၆/၃၀၂ အရ အရေးယူထားပါတယ်။