မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကျော်ကိုကို ကို ထိုင်းလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆမက်ပရာကန်အသင်းက တစ်နှစ်အငှားစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ ထိုင်းမီဒီယာတချို့မှာဖော်ပြနေကြပါတယ်။ ကျော်ကိုကို ကို ဆမက်ပရာကန်အသင်းက မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကို တရားဝင်ကမ်းလှမ်းထားပြီး ဆေးစစ်မှုအောင်မြင်ရင် စာချုပ်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းလိဂ်(၁) ကလပ် ဆမက်ပရာကန်အသင်းဟာ ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း ကျော်ကိုကို ကို တစ်နှစ်အငှားစာချုပ်နဲ့ခေါ်ယူဖို့အတွက် ရန်ကုန်ယူနိုက်တက်အသင်းကို တရားဝင်ကမ်းလှမ်းထားပါတယ်။ ကျော်ကိုကိုဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး ခြေထောက်အရိုးကျိုးဒဏ်ရာကြောင့် တစ်ရာသီလုံးအနားယူခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကျော်ကိုကိုရဲ့ခြေထောက်ဒဏ်ရာက သက်သာနေပြီဖြစ်ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှုပြည့်ဖို့ ကြိုးစားနေရဆဲပါ။
ကျော်ကိုကို ဆမက်ပရာကန်အသင်းနဲ့အတူ ဆေးစစ်မှုခံယူဖို့အတွက် ဒီဇင်ဘာ ၁၄ရက်က ထိုင်းနိုင်ငံကို ရောက်ရှိနေပြီး ဒီဇင်ဘာ ၁၅ရက်ညနေပိုင်းမှာတော့ စာချုပ်,ချုပ်ဆိုနိုင်ခဲ့ပြီလို့ ထိုင်းမီဒီယာတချို့ကဖော်ပြလာကြပါတယ်။ ကျော်ကိုကိုနဲ့ စာချုပ်နိုင်ခဲ့ပြီဆိုတဲ့သတင်းကို ဆမက်ပရာကန်အသင်းက တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ သတင်းအတည်ပြုနိုင်ဖို့အတွက် ကျော်ကိုကိုရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ကုမ္ပဏီကို Duwun Sports က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အသင်းက တရားဝင်ထုတ်ပြန်မှသာ ပြောနိုင်မယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကျော်ကိုကိုသာ ဆမက်ပရာကန်အသင်းနဲ့စာချုပ်နိုင်ခဲ့မယ်ဆိုရင် ထိုင်းလိဂ်မှာ ကစားမယ့် ငါးဦးမြောက်မြန်မာကစားသမားဖြစ်လာမှာပါ။ လက်ရှိ ထိုင်းလိဂ်ကလပ်တွေနဲ့ စာချုပ်ထားတဲ့ မြန်မာကစားသမားတွေကတော့ အောင်သူ (မြောင်တောင်ယူနိုက်တက်)၊ စည်သူအောင်၊ ဇော်မင်းထွန်း (ချွန်ဘူရီ)၊ သိန်းသန်းဝင်း (ရက်ချာပူရီ) တို့ဖြစ်ပါတယ်။ ထိုင်းလိဂ်ကလပ်အသင်းတွေစိတ်ဝင်စားနေတဲ့ နောက်ထပ်မြန်မာကစားသမားတွေကတော့ သန်းထက်အောင်၊ လှိုင်းဘိုဘိုတို့ဖြစ်ပြီး တရားဝင်ကမ်းလှမ်းမှုတွေရရှိထားပါတယ်။