ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံထုတ် အလှကုန်ပစ္စည်း ၃ မျိုးမှာ ကျောက်ကပ်ပျက်စီးနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်လို့ သုံးစွဲရန် မသင့်ဘူးလို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
ဂျပန်စာနဲ့ ဖော်ပြထားတဲ့ Anti-Freckle Freckle Removing Cream၊ ထိုင်းနိုင်ငံထုတ် SMIZE Whitening Night Cream၊ ထိုင်းနိုင်ငံထုတ် P-Vita Melsama Cream တို့မှာ တားမြစ်ဓာတုပစ္စည်း (Mercury) ပါဝင်နေကြောင်းစစ်ဆေးတွေ့ရှိရတာကြောင့် အများပြည်သူ သုံးစွဲရန် မသင့်တော်ဘူးဆိုပြီး FDA က အသိပေးကြေညာထားတာပါ။
တားမြစ်ဓာတုပစ္စည်း (Mercury) ဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားကတစ်ဆင့် ခန္ဒာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ စိတ်ကျရောဂါတွေအပြင် ရေရှည်သုံးစွဲပါကကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။
အလှကုန်ပစ္စည်းများ တင်သွင်းရောင်းချရာမှာ FDA ဌာနမှာ မှတ်တမ်းတင်ထားခြင်းမရှိဘဲ အများပြည်သူသုံးစွဲဖို့ မသင့်ကြောင်း ကြေညာထားတဲ့ ပစ္စည်းတွေကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ဖို့ညွှန်ကြားထားပြီး မလိုက်နာပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃ ၊ အပိုဒ် (၃) (ဃ) အရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ သိရပါတယ်။