လေးမြို့နယ်မှာ တစ်ပတ်ကို တစ်ရက် လေလွင့်ခွေးတွေ ရှင်းလင်းနေပါတယ်။

ကျောက်တံတားမြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊လသာမြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တို့မှာ တစ်ပတ်ကို တစ်ရက် စီမံချက်နဲ့ လေလွင့်ခွေးတွေ ရှင်းလင်းနေတယ်လို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားထုတ်လုပ်ရုံများဌာနကနေသိရပါတယ်။

“ကျောက်တံတားမြို့နယ်ဟာ နောက်ထပ် ၂ လ ၊၃ လ နေရင် လမ်ဘေးခွေးတော်တော်ရှားသွားတော့မယ်။ အရင်က တစ်ခါဖမ်းရင် အကောင် ၃၀ လောက်ရပါတယ်။ အခုနောက်ဆုံးဖမ်းတာ ၁၄ ကောင်ပဲ ရတော့တယ်။ လာမယ့် ဒီအပတ်ထဲမှာ ဖမ်းရင်လည်း ဆယ်ကောင် အောက်လောက်ပဲ ဖမ်းမိတော့မယ်ထင်ပါတယ်။ “ လို့ တိရစ္ဆာန်ဆေးကုနှင့် သားထုတ်လုပ်ရုံများ ဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောပါတယ်။

မြို့နယ် လေးမြို့နယ်က ဖမ်းဆီးရမိတဲ့ လေလွင့်ခွေးတွေကို လှိုင်သာယာမြို့နယ် ထိန်ပင်က ခွေးဂေဟာနဲ့ သဘာဝတရားရိပ်သာတို့ကို ပို့ဆောင်နေပြီး ခွေးတွေကို နောက်ထပ်မျိုးဆက်မပွားအောင် ထိန်းချုပ်မှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အဆိုပါ လေးမြို့နယ်မှာ ခွေးလေခွေးလွင့်ကင်းစင်ရေးကို စီမံချက်ချ လုပ်ဆောင်နေတာဖြစ်ပြီး တစ်ချိန်မှာ လမ်းဘေးခွင်းကင်းစင်တဲ့ နေရာတွေ ဖြစ်လာတော့မယ်လို့ ဌာနမှူး ဦးမင်းအောင်က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လေလွင့်ခွေးကောင်ရေ ၂ ဒဿမ ၆၆ သန်းကျော်ရှိတယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရသိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ အချိုးနဲ့ တွက်မည်ဆိုပါက လူ ၂၂ ယောက်ခန့်မှာ လေလွင့်ခွေး ၁ ကောင်နှုန်း ဖြစ်နေပါတယ်။

ရန်ကုန်မှာတော့ လေလွင့်ခွေး ၂ သိန်း ၆ သောင်းကနေ ၂ သိန်း ၈ သောင်းကြား ရှိနေပြီး တစ်နေ့ကို လူ ၁၀၀ ကျော်အကိုက်ခံနေရတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

Share

Loading Next Article...
က္က