လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က သူ့အနေနဲ့ ချန်ပီယံဆုဖလားတွေအတွက် ဖိအားများပြီး ကြောက်လန့်တုန်လှုပ်နေတတ်တဲ့နည်းပြမျိုးမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း Goal.com ကဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ၁၉၉၀ခုနှစ်ကတည်းကစတင်ပြီးအမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခြင်းမရှိတော့ပါဘူး။ ဒီနှစ်ဘောလုံးရာသီမှာတော့ လီဗာပူးလ်ဟာ သူတို့ရဲ့ပျောက်ဆုံးနေတဲ့ ချန်ပီယံအိပ်မက်အသက်ဝင်နေပြီဖြစ်ပေမယ့် ချန်ပီယံဆုနဲ့ကာလရှည်ဝေးကွာနေမှုက နည်းပြ ကလော့ပ်အတွက် ဖိအားဖြစ်စေပြီး အမှားတွေလုပ်လာနိုင်တယ်လို့ ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။ ဒီလိုဝေဖန်မှုတွေကိုတော့ ကလော့ပ်က သူ့အနေနဲ့ ကြောက်လန့်တုန်လှုပ်နေတတ်တဲ့နည်းပြမျိုးမဟုတ်ပဲ အမှတ်ပေးချန်ပီယံဖြစ်ဖူးတဲ့အတွေ့အကြုံတွေရှိတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
“ကျွန်တော်က ကြောက်တတ်တဲ့လူမဟုတ်သလို ဒေါ့မွန်နဲ့ပထမဆုံးချန်ပီယံဆုကိုစတင်ရယူနိုင်ခဲ့တုန်းကလည်း ဖလားမရမှာကို ကြောက်မနေခဲ့ပါဘူး။ နောက်ဆုံးလုပ်ခဲ့တဲ့အလုပ်မှာ ဘာလုပ်နိုင်ခဲ့သလဲဆိုတဲ့အတွေ့အကြုံက အမြဲအထောက်အကူပြုပါတယ်။ ကောင်းအောင်လုပ်ရင် ကောင်းတာဖြစ်မယ်၊ ကောင်းအောင်မလုပ်နိုင်ရင် ကောင်းတာဖြစ်မလာနိုင်ဘူး။ ဒါက ကျွန်တော်တို့ဘာလုပ်နိုင်သလဲဆိုတဲ့ တစ်ခုတည်းသောအရာပဲ။”လို့ ကလော့ပ်ကပြောခဲ့ကြောင်း Goal.com ကဖော်ပြခဲ့ပါတယ်။
နည်းပြ ယာဂင်ကလော့ပ်ဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ ကလော့ပ်ဟာ ၂၀၁၅ဘောလုံးရာသီက လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိအချိန်အထိ ချန်ပီယံဆုဖလားရယူပေးနိုင်ခြင်းမရှိသေးပေမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလား ဗိုလ်လုပွဲတွေရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းဟာ ရှုံးပွဲတစ်ပွဲသာရှိထားပြီး ပေးဂိုး ၁၄ ဂိုးပဲရှိတဲ့အတွက် ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။