ကမ္ဘာတစ်ဝှမ်း ကျောင်းသူကျောင်းသားတွေက ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဆောင်ရွက်ရန် တောင်းဆိုကြတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
(အသက် ၁၅ နှစ်အရွယ်ကျောင်းသူ ဂရတ်တာသွန်းဘတ်ဂ်) (Photo: Action Press/Rex/Shutterstock)
စီစဉ်သူတွေရဲ့ အဆိုအရ သောကြာနေ့ (မေ ၂၄ ရက်) က ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ထက်မနည်းမှာ ပြုလုပ်ခဲ့ကြတဲ့ ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲတွေမှာ လူတစ်သန်းကျော် ပါဝင်ကြမယ်လို့ ခန့်မှန်းခဲ့ကြောင်း သိရပါတယ်။ ယခု ဆန္ဒပြပွဲတွေက နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ကမ္ဘာကြီပူနွေးလာမှုကို နှေးကွေးစေရေး အရေးတကြီး လုပ်ဆောင်ကြရန် တောင်းဆိုခဲ့ကြပါတယ်။
ယခု ဆန္ဒပြပွဲတွေကို ၂၀၁၈ ခုနှစ်က ဆွီဒင်နိုင်ငံ လွှတ်တော်အပြင်ဘက်မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း ပြယုဂ်တစ်ခုဖြစ်လာတဲ့ ကျောင်းသူ ဂရတ်တာသွန်းဘတ်ဂ် (Greta Thunberg) ရဲ့ လှုပ်ရှားဆောင်ရွက်မှုကို နမူနာယူကြပြီး လုပ်ဆောင်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
(ဆန္ဒပြပွဲတစ်ခုမြင်ကွင်း) (Photo: John Macdougall/AFP)
ဆွီဒင်နိုင်ငံရေးသမားတွေ အနေနဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ ဆောင်ရွက်မှုတွေ မပြုလုပ်မချင်း ကျောင်းတက်ရန်ငြင်းဆန်ခဲ့တဲ့ 'ရာသီဥတုအတွက် စာသင်ကျောင်း ဆန္ဒပြမှု' အဖြစ် အသက် ၁၅ နှစ်အရွယ် ကျောင်းသူဂရတ်တာက ဆန္ဒပြခဲ့ပါတယ်။ သူမရဲ့ တစ်ကိုယ်တော် ဆန္ဒပြမှုကနေ ဥရောပတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုအမျိုးမျိုး ပေါ်ပေါက်လာစေခဲ့ပြီး အမေရိကန်နဲ့ သြစတြေးလျမှာလည်း ဆန္ဒပြတောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။
(စတော့ဟုမ်းမြို့မှ ဆန္ဒပြမှု) (Photo: Getty Images)
ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဆောင်ရွက်ရန် ကျောင်းသူကျောင်းသားတွေ ဆန္ဒပြတောင်းဆိုကြတဲ့ လှုပ်ရှားမှုတွေကို 'အနာဂတ်အတွက် သောကြာနေ့များ (Fridays for Future)' သို့မဟုတ် 'ရာသီဥတုအတွက် စာသင်ကျောင်း ဆန္ဒပြမှု (School Strike for Climate)' လို့ သိထားကြပါတယ်။ မေ ၂၄ ရက် (သောကြာနေ့) မတိုင်မီ ကျောင်းသူကျောင်းသားများ ဆန္ဒပြမှုတွေကိုတော့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် (သောကြာနေ့) မှာ ပြုလုပ်ခဲ့ကြကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
ကမ္ဘာတစ်ဝှမ်း ပြုလုပ်ခဲ့ကြတဲ့ မတ်လ ၁၅ ရက် ရာသီဥတုဆိုင်ရာ ဆန္ဒပြပွဲတွေမှာ ကမ္ဘာ့နိုင်ငံ ၁၂၅ နိုင်ငံမှ ကျောင်းသူကျောင်းသား ၁.၆ သန်းက စာသင်ကျောင်းများမှထွက်ကာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။ မေ ၂၄ ရက် ဆန္ဒပြပွဲတွေကိုတော့ ဆွီဒင်၊ ဂျာမနီ၊ ဗြိတိန်၊ နော်ဝေ၊ ဘယ်လ်ဂျီယံ၊ သြစတြေးလျ၊ နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေမှာ ပြုလုပ်ခဲ့ကြသလို မြန်မာအပါအဝင် အာရှနိုင်ငံတွေဖြစ်ကြတဲ့ အိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ထိုင်းနဲ့ ဂျပန်တို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။