ဆုပန်ထွာဟာ သူငယ်ချင်းဖြစ်သူ ခိုင်နှင်းဝေ မွေးစားထားတဲ့ ကလေးလေးတွေဆီကို ကလေးအသုံးအဆောင်ပစ္စည်းတွေ လှူဖို့ အရောက်သွားခဲ့ပါတယ်တဲ့။ ခိုင်နှင်းဝေကိုလည်း သူမရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချီးကျူးစကားဆိုထားပါတယ်။
Photo: Su Pan Htwar
ဆုပန်ထွာက ဇွန်လ ၂၁ ရက်နေ့ က သူငယ်ချင်းဖြစ်သူ ခိုင်နှင်းဝေ မွေးစားထားတဲ့ ကလေးတွေဆီကို အရောက်သွားခဲ့တယ်လို့ဆိုပါတယ်။ ခိုင်နှင်းဝေကိုလည်း လေးလည်း လေးစားမိသလို ချီးကျူးစကားလည်း ပြောပြခဲ့ပါသေးတယ်။
‘’အနီးစပ်ဆုံးကိုယ့်စိတ်ထဲဖြစ်တာအရိုးရှင်းဆုံးစကားလုံးကသူတို့လေးတွေကိုတွေ့ရတာ "ငါမပျော်ဘူး" ဆိုတာလေးပါပဲ။ဒီလိုကလေး သေးသေးလေးတွေအများကြီးမြင်ရတိုင်း ကြည့်မိနေရင်းမျက်ရည်အလိုလိုကျတာလည်း ထိန်းမရ။ထိန်းထားရင်းနဲ့ကို ကျလာမိတဲ့မျက်ရည်တွေ။ဒီခေတ်ကြီးထဲကလေးတစ်ယောက်စရိတ်ဆိုတာတောင်ပြည့်စုံစွာထိန်းကျောင်းပံ့ပိုးပေးဖို့အနိုင်နိုင်ကြိုးစားကြရတာ။ သူငယ်ချင်းလေးက ၂၁ ယောက်ခေါ်မွေးထားတာဆိုတော့ သူ့ကိုချီးကျူးရင်းနဲ့စိတ်ပူပေးမိတာအမှန်ပဲ။ ဒါကြောင့်သူငယ်ချင်းဆီကိုယ်တတ်နိုင်သလောက်လေးသွားပေးလှူဖြစ်ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Su Pan Htwar
အဲဒီနောက် ဆုပန်ထွာဟာ ခိုင်နှင်းဝေနဲ့ အတူ ကလေးငယ်တွေရဲ့ ဝေရာဝစ္စတွေ ပြုလုပ်ပေးရင်း Roar လေး ငယ်ငယ်က ကစားခဲ့တဲ့ ကလေး အသုံးအဆောင် ပစ္စည်းတွေကိုလည်း လှူခဲ့တယ်လို့ ဆိုပါတယ်။
‘’Plume Small Baby Diaper တစ်ဗုံး၊အနှီးတွေ၊စောင်တွေ၊Roar Roar ဟိုးငယ်ငယ်ကဆော့တဲ့ တွန်းလှည်းတွေ၊ အရုပ်လေးတွေ ကိုယ့်မှာရှိတာတွေသူအသုံးဝင်မယ်ထင်တာလေးတွေ သွားပေးဖြစ်ပါတယ်။ကလေးတွေအတွက်အသုံးဝင်စေဖို့လည်းဆုတောင်းပါတယ်။ ငိုနေတဲ့ကလေးတွေ ကိုနို့ဗူးတွေတလှည့်ဆီတိုက်ရင်း၊ ကလေး ၉ ယောက်ရဲ့လက်သည်းလေးတွေ ကိုယ်တိုင်ညှပ်ပေးရင်း ဒီညနေလေးသူတို့လေးတွေနဲ့အချိန်ကုန်ရတာ ပီတိဖြစ်မိရင်း....ကလေးအားလုံးအတွက်
ကျေးဇူးပါသူငယ်ချင်းလေး’’ လို့ ဆိုပါတယ်။
Photo: Su Pan Htwar
ဆုပန်ထွာက သူမအတွက် မမေ့နိုင်တဲ့ အလှူလေး တစ်ခုကိုမှတ်တမ်းတင်ဖြစ်တဲ့ အကြောင်းပြောပြထားပါတယ်။ ကလေးတွေအတွက် လိုအပ်တာတွေကိုလည်း စဉ်းစားပြီးမှ လှူဖြစ်တယ်လို့ ဆိုပါတယ်။
‘’ဒီနေ့ ကိုယ်တတ်နိုင်သလောက်လုပ်ခဲ့တဲ့အလုပ်ကလေး။ ဒီနေ့ သူငယ်ချင်း ခိုင်နှင်းဝေရဲ့ကလေးတွေဆီအထုတ်ကြီး၊အထုတ်ငယ်တွေမရင်းသွားတွေ့ဖြစ်ပါတယ်။ဒီကလေး ၂၁ ယောက်အတွက်လိုအပ်တာတွေစဉ်းစားယူရင်း....... ပထမသွားတာတော့ ချွေးသံရွှဲရွှဲမျက် နှာပြောင်နဲ့ပါ။ လမ်းရောက်မှ ညီမလေး ဖြူစင်ဆီ ကဖုန်းလာတော့မမဘယ်မှာရှိနေလဲ ဆိုတာနဲ့ ခိုင်နှင်းဝေကလေးလေးတွေဆီသွားနေတာ နောက်မှတွေ့ကြမယ်ပြောပေမယ့်၊ အဲဒါလေးလိုက်ရိုက်ချင်တယ် မမ လို့ပြောတာနဲ့ ကဲ ...ဒါဆိုလည်းလာခဲ့ဆိုပြီး တွေ့ဖြစ်ကြပါတယ် ။ကားပေါ်မိတ်ကပ်လေးတော့မျက်နှာကြည့်ကောင်းအောင်ပြင်ရသေးတာ’’လို့ ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: Su Pan htwar
ဆုပန်ထွာနဲ့ ခိုင်နှင်းဝေ တို့ အနုပညာသူငယ်ချင်း နှစ်ဦးကို လွန်ခဲ့တဲ့ ၁၀ စုနှစ်အကျော်ကတည်းက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ ကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆုပန်ထွာဟာ မိသားစုကိုလည်း အချိန်ပေးဖြစ်နေသလို အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအကျိုးတွေ သယ်ပိုးရင်း အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာကို တွေ့ရပါတယ်။