ချေးငွေ (၇၀) ရာခိုင်နှုန်းကို ကျေးရွာလူထုအတွက် တိုက်ရိုက်ထောက်ပံ့ပေးသွားမှာပါ။

ကျေးလက်ဒေသဖွံဖြိုးရေးအတွက် အာရှဖွံဖြိုးရေးဘဏ် (ADB) ကနေ ချေးငွေ ဒေါ်လာ (၁၈၅) သန်းရယူသွားမှာဖြစ်ပြီး ချေးငွေရဲ့ (၇၀) ရာခိုင်နှုန်းခန့်ကို ကျေးရွာလူထုအတွက် တိုက်ရိုက်ထောက်ပံ့ပေးသွားမယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားပါတယ်။

Photo- ပြည်ထောင်စုလွှတ်တော် (စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်သူ)

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၆) ရက်မြောက်နေ့မှာ အာရှဖွံဖြိုးရေးဘဏ် (ADB) မှ ချေးယူရယူရေးကိစ္စနဲ့ ပတ်သက်ပြီး တင်ပြရာမှာ အခုလို ပြောကြားခဲ့တာပါ။

ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ အာရှဖွံဖြိုးရေးဘဏ် (ADB) တို့ပူးပေါင်းပြီး တုံ့ပြန်နိုင်စွမ်းအားကောင်းတဲ့ လူထုဖွံဖြိုးရေးစီမံကိန်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျေးရွာလူထုကို စည်းရုံးလှုံဆော်ခြင်းနဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်းမှာ (၁၆) ရာခိုင်နှုန်း ၊ နည်းပညာ အကြံပေးဌားရမ်းခြင်းအတွက် (၂) ဒဿမ (၇) ရာခိုင်နှုန်းနဲ့ စီမံကိန်းအကောင်အထည်ဖော်ရေးဆိုင်ရာ အသုံးစရိတ်တွေမှာ ( ၁၂ ) ရာခိုင်နှုန်း သုံးစွဲဖို့ လျာထားတယ်လို့ ဒေါက်တာအောင်သူက ပြောခဲ့ပါတယ်။

 “ တင်ပြပါ အသုံးစရိတ်တွေကို စီစစ်ခြွေတာသုံးစွဲသွားမှာဖြစ်ပြီး ပိုလျှံလာပါကလည်း ကျေးရွာလူထုကို တိုက်ရိုက်ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ စီမံကိန်းလုပ်ငန်းတွေကို ရွေးချယ်တဲ့နေရာမှာ ကျေးရွာလူထုက သူူတို့ရဲ့ လိုအပ်ချက်များနဲ့ အညီ သဘောတူရွေးချယ်ဆောင်ရွက်ရမယ်။ “ လို့ ဒေါက်တာအောင်သူက ဆိုပါတယ်။

အခြေခံအဆောက်အအုံဖွံဖြိုးရေးအတွက်  ကျေးလက်ကုန်ထုတ်လမ်းနဲ့ ကျေးရွာမှာ လမ်းတံတားလုပ်ငန်းတွေ၊ စိုက်ပျိုးရေးနဲ့ သောက်သုံးရေ ရရှိရေးလုပ်ငန်းတွေ၊ အသေးစားဆည်မြောင်း တာတံမံတွေ၊ ကျေးလက်မီးလင်းရေးလုပ်ငန်း၊ စာသင်ကျောင်းတွေ၊ဆေးပေးခန်းတွေ၊ကျေးလက်ဈေးနဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်မှာဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအနေနဲ့ ကျေးရွာတွေအတွင်း ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကို အဖွဲ့တွေစုဖွဲ့ပြီး ဒေသရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ ဈေးကွက်ရှိတဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ အိမ်တွင်းမှုလုပ်ငန်း၊အသေးစားကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင်စီစဉ်ပေးသွားမယ်လို့သိရပါတယ်။

အဆိုပါ လူထုဖွံဖြိုးရေးစီမံကိန်းကို မြို့နယ် (၁၇) မြို့နယ်မှာ (၇) နှစ်ကြာ စီမံကိန်းအဖြစ်ဆောင်ရွက်မှာ ဖြစ်ပြီး ကျေးလက်ပြည်သူ ၁ ဒဿမ ၈ သန်းရဲ့ လူမှုစီးပွားဘ၀ ဖွံဖြိုးတိုးတက်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ချေးငွေရယူနိုင်ဖို့  ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၂၂ မဲ၊ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေမဲ ၂ မဲနဲ့ လွှတ်တော်က  အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်ချေးယူရယူရေးကိစ္စနဲ့ ပတ်သက်ပြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက အာရှဖွံဖြိုးရေးဘဏ် (ADB) နဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလမကုန်ခင်မှာ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က