Samsung က အိန္ဒိယရဲ့ ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီအဖြစ် ရှိနေပါတယ်

၂၀၂၂ ခုနှစ် တတိယသုံးလပတ်အတွက် အိန္ဒိယစမတ်ဖုန်းတင်ပို့မှု ၆% ကျဆင်းသွားပေမယ့် Xiaomi ကတော့ အိန္ဒိယဖုန်းဈေးကွက်ကို လွှမ်းမိုးထားနိုင်ဆဲပါ။


စမတ်ဖုန်းဈေးကွက်သုတေသနလုပ်ငန်း Canalys ရဲ့ အစီရင်ခံစာအရ Xiaomi ဟာ ၂၀၂၂ တတိယသုံးလပတ်အတွင်း ဈေးကွက်ဝေစု ၂၁% ရရှိထားပြီး စမတ်ဖုန်းအလုံးရေ ၉.၂ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဖုန်းဈေးကွက်အတွက် Xiaomi က နံပါတ်တစ်ဖြစ်နေပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကာလတူသုံးလပတ်အတွင်း ရောင်းချခဲ့တဲ့ စမတ်ဖုန်းအရေအတွက် ၁၁.၂ သန်းနဲ့ ယှဉ်ရင် ရောင်းအား ၁၈% ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ 





Xiaomi ရဲ့ နောက်မှာ Samsung က အိန္ဒိယစမတ်ဖုန်းဈေးကွက်ရဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး တတိယသုံးလပတ်အတွင်း စမတ်ဖုန်းအလုံးရေ ၈.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီ Samsung ဟာ ဈေးကွက်ဝေစု ၁၈% ရထားပြီး တခြားထိပ်တန်းစမတ်ဖုန်း Brands တွေလိုပဲ အရင်နှစ်နဲ့စာရင် ဈေးကွက်ဝေစု နဲ့ စမတ်ဖုန်းတင်ပို့မှု ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် Q3 ကာလ အိန္ဒိယဖုန်းဈေးကွက်ရောင်းအား ၄၇.၅ သန်း ရှိခဲ့ရာကနေ ဒီနှစ် Q3 မှာတော့ စုစုပေါင်းဖုန်းတင်ပို့မှု ၄၄.၆ သန်းပဲ ရှိခဲ့တာပါ။ 

  တတိယသုံးလပတ်အတွက် အိန္ဒိယဖုန်းဈေးကွက်မှာ ဈေးကွက်ဝေစုအတက်ပြတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်ရယ်လို့ တစ်ခုပဲ ရှိခဲ့ပြီး အဲ့ဒါကတော့ တရုတ်ဖုန်းအမှတ်တံဆိပ် OPPO ပဲ ဖြစ်တယ်လို့ Canalys က ဆိုပါတယ်။ ၂၀၂၂ တတိယသုံးလပတ်အတွက် စတုတ္တရောင်းအားအကောင်းဆုံးဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်နေတဲ့ OPPO ဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် နှစ်အလိုက်ဖွံ့ဖြိုးမှု ၁၃% ကနေ ၁၄% ကို မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ် တတိယသုံးလပတ်က ဖုန်းအလုံးရေ ၆.၂ သန်း ရောင်းချနိုင်ခဲ့တဲ့ OPPO ဟာ ဒီနှစ် ကာလတူမှာ ၇.၁ သန်းအထိ ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစုအရလည်း Vivo နဲ့ မတိမ်းမယိမ်းအနေအထားမှာ ရှိပါတယ်။ Vivo ဖုန်းကုမ္ပဏီရဲ့ ၂၀၂၂ တတိယသုံးလပတ်တင်ပို့မှုဟာ အလုံးရေ ၇.၃ သန်း ရှိခဲ့ပြီး ဈေးကွက်ဝေစုအနေနဲ့ ၁၆% ရထားတာပါ။ အိန္ဒိယဖုန်းဈေးကွက်ရဲ့ ထိပ်ဆုံးကုမ္ပဏီ ၅ ခုစာရင်းမှာ realme က ပဉ္စမနေရာက ရှိထားပြီး ဖုန်းတင်ပို့မှု ၆.၂ သန်း ၊ ဈေးကွက်ဝေစု ၁၄% ရှိထားတယ်လို့ ဆိုပါတယ်။ 



ဈေးကွက်အနေအထားအရ OPPO က လွဲရင် Xiaomi ၊ Samsung ၊ vivo ၊ realme တို့ဟာ နှစ်အလိုက် ဖွံ့ဖြိုးမှု ၁၈% ၊ ၁၁% ၊ ၉% ၊ ၁၈% စီ ကျဆင်းသွားခဲ့ပါတယ်။ ပရိုမိုးရှင်းတွေ ထိုးပေးလာတာကြောင့် တန်ဖိုးနည်း Entry-Level ဖုန်းအစား အလတ်တန်းနဲ့ အမြင့်ဖုန်းတွေ အဝယ်လိုက်ခဲ့ပါတယ်။ Samsung ကလည်း ကုမ္ပဏီရဲ့ အွန်လိုင်းနဲ့ အပြင် Offline Channels တွေကနေ Galaxy Z Fold 3 နဲ့ နောက်ဆုံးပေါ် Galaxy S22 စီးရီးလို ဖုန်းတွေကို Discount အများအပြား ချရောင်းခဲ့ပါတယ်။ 

Canalys ရဲ့ အစီရင်ခံစာထဲမှာ Xiaomi အမှတ်တံဆိပ်အောက်မှာ POCO ပါသလို Vivo အမှတ်တံဆိပ်အောက်မှာ iQOO စီးရီးတွေ ထည့်ထားပြီး OPPO Brand အောက်မှာလည်း OnePlus ဖုန်းတွေရဲ့ ရောင်းအားတွေ ထည့်တွက်ခဲ့တာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က