ပစ္စည်းပို့ စက်ရုပ်တွေ မြင်ရတော့မှာပါ

ပေါင် ၄၀ အထိ လေးလံတဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးမယ့်စက်ရုပ်တစ်မျိုး ဈေးကွက်မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

Digit လို့ နာမည်ပေးထားတဲ့ ဒီစက်ရုပ်ကို Agility Robotics လို့ခေါ်တဲ့ အမေရိကန် startup တစ်ခုက တီထွင်ထားတာပါ။ အရွယ်အစားနဲ့ ပုံပန်းသဏ္ဍာန်ကတော့ အရွယ်ရောက်ခါစ လူတစ်ယောက်နဲ့ ဆင်ပြီး ပေါင် ၄၀ (၁၈ ကီလိုဂရမ်) အထိ သယ်ဆောင်နိုင်တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။



ပတ်ဝန်းကျင်အနေအထားကို လေ့လာသိရှိနိုင်ဖို့ LIDAR လို့ခေါ်တဲ့ လေဆာအလင်းနဲ့ အကွာအဝေးကို အာရုံခံနိုင်တဲ့ နည်းပညာ နဲ့ တစ်ခြား sensors တွေလည်း တပ်ဆင်ထားပါတယ်။ အပြည့်အဝမဟုတ်ပေမယ့် semi-autonomous အလိုအလျောက် လမ်းကြောင်းရှာဖွေနိုင်မယ့်စနစ် ပါရှိပါတယ်။


Digit ကို ကုန်ပစ္စည်းပို့ဆောင်ရေးအပြင် ၊ ဂိုထောင်များ ၊ အဝေးထိန်း Telepresence အခြေအနေများ နဲ့ စက်မှုလုပ်ငန်းပိုင်း ကြီးကြပ်မှုတွေမှာပါ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ Digit စက်ရုပ်အနေနဲ့ တစ်ချို့ လုပ်ငန်းတွေကို လူရဲ့ ထိန်းချုပ်မှု မလိုဘဲ ကိုယ်တိုင်လုပ်ဆောင်နိုင်ပေမယ့် ပတ်ဝန်းကျင်သစ်မှာ လူလောက်တော့ မြန်မြန်ဆန်ဆန် အသားမကျသေးပါဘူး။

ဒီစက်ရုပ်ကို ဝယ်ယူမယ့်ကုမ္ပဏီတွေဘက်ကလည်း Digit ရဲ့ လုပ်အား ဘယ်လောက်ရှိသလဲဆိုတာကို လေ့လာဖို့လိုမှာပါ။ လောလောဆယ်မှာတော့ Ford ကားကုမ္ပဏီဟာ ပစ္စည်းပို့ဆောင်ရေးမှာ သုတေသနလုပ်ဖို့ Digit စက်ရုပ်နှစ်ခု ဝယ်သွားတယ်လို့လည်း သိရပါတယ်။

Digit အပါအဝင် Agility က ထုတ်တဲ့ စက်ရုပ်တွေမှာ လက်နက် တပ်ဆင်မှု ခွင့်ပြုမထားဘူးလို့လည်း ကုမ္ပဏီက ပြောပါတယ်။ လောလောဆယ်မှာ Digit စက်ရုပ် ၆ ခုပဲ ထုတ်ထားပြီး ဒီနှစ်အတွင်းမှာ စက်ရုပ်အရေအတွက် ၂၀ ကနေ ၃၀ အထိ ထုတ်လုပ်သွားဖို့ ရှိပါတယ်။

၂၀၂၁ မှာတော့ Agility Robotics ဟာ Digit စက်ရုပ်ထုတ်လုပ်မှုကို အနည်းဆုံး ၂ ဆ တိုးမြင့်သွားမှာပါ။ လူပိုဆန်လာတဲ့ စက်ရုပ်တွေဟာ အလုပ်သမားတွေနေရာမှာ အစားထိုးသွားမလားဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က