သေနတ်သမားအဖြစ် သံသယရှိသူက စူပါမတ်ကက်ကို ထိန်းချုပ်ထားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ စူပါမတ်ကက်တစ်ခုကို ထိန်းချုပ်ထားခဲ့တဲ့ သေနတ်သမားအဖြစ် သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ Trader Joe's စူပါမတ်ကက်ကို အဆိုပါ သံသယရှိသူက ထိန်းချုပ်ထားခဲ့စဉ် ဆိုင်အတွင်း လူ ၄၀ ခန့်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သမားအဖြစ် သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်လာစဉ် (Photo: Reuters)



သေနတ်သမားအဖြစ် သံသယရှိသူ ဝင်ရောက်လာခဲ့ပြီးနောက် စူပါမတ်ကက်အတွင်း ရှိနေသူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြကြောင်းနဲ့ အချို့က ပြတင်းပေါက်များမှ ခုန်ချခဲ့ကြကြောင်းလည်း သိရပါတယ်။

လော့စ်အိန်ဂျလိစ် ဒေသစံတော်ချိန် ယမန်နေ့ (ဇူလိုင် ၂၁ ရက်) မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်ရပ်အတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ "ကျွန်တော်တို့ သံသယရှိသူကို မည်သူမျှထိခိုက်ဒဏ်ရာမရဘဲ ဖမ်းဆီးနိုင်ခဲ့ပါပြီ" လို့ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့က သုံးနာရီကြာ စူပါမတ်ကက်ဖြစ်ရပ်အပြီးမှာ ပြောခဲ့ပါတယ်။

Trader Joe's စူပါမတ်ကက် (Photo: Fox News)



သေနတ်သမားဖြစ် သံသယရှိသူက အစောပိုင်းမှာ ၎င်းရဲ့အဘွားနဲ့ အခြားလူတစ်ဦးကို ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ကားဖြင့်မောင်းပြေးခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် ကားတိုက်မှုဖြစ်ပြီး စူပါမတ်ကက်အတွင်း ထွက်ပြေးဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သံသယရှိသူဟာ အသက ်၂၈ နှစ်အရွယ် အာဖရိကန်-အမေရိကန် အမျိုးသားတစ်ဦးဖြစ်ပြီး စေ့စပ်ညှိနှိုင်းခဲ့ပြီးနောက် ကိုယ်တိုင် အဖမ်းခံခဲ့ကြောင်း သိရပါတယ်။

စူပါမတ်ကက်အပြင်ဘက်မှာ တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ (Photo: AP)



သေနတ်သမားအဖြစ် သံသယရှိသူဟာ လက်မောင်းမှာ ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။ အဆိုပါ သံသယရှိသူက Trader Joe's စူပါမတ်ကက်အတွင်းရှိ မည်သူဖြစ်ကြောင်း မသိရသေးတဲ့ အမျိုးသမီးငယ်တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သံသယရှိသူက အစောပိုင်းမှာ ၎င်းရဲ့အဘွားဖြစ်သူကို သေနတ်ဖြင့် အချက်အတော်များများ ပစ်ခတ်ခဲ့ပြီး သူမဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

အဘွားဖြစ်သူကို ပစ်ခတ်ခဲ့ပြီးနောက် ၎င်းက သူမရဲ့ကားကို ရယူမောင်းနှင်လာခဲ့စဉ် အမျိုးသမီးတစ်ဦးကို ကားပေါ်သို့ အတင်းအကျပ် ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ ကားတိုက်မှုဖြစ်ပြီးနောက် အဆိုပါ အမျိုးသမီးလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က