ဟာဇက်ရှိစဉ်က ကျောနံပါတ် ၂၂ ဝတ်ဆင်ကစားခဲ့တဲ့ ဘရာဇီး တောင်ပံကစားသမား ဝီလီယံက ပြောင်းလဲဝတ်ဆင်ခွင့်ရခဲ့ပြီလို့ သိရပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ကျောနံပါတ် ၁၀ ဂျာစီကို နောက်ဆုံး ဝတ်ဆင်ကစားခဲ့သူက ဘယ်လ်ဂျီယံ လက်ရွေးစင် အီဒင်ဟာဇက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးရဲမက်ဒရစ်အသင်းကို ရောက်ရှိသွားပြီ ဖြစ်လို့ သူဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဂျာစီကို အခြားသော ကစားသမားတစ်ဦးက ဝတ်ဆင်ကစားခွင့်ရလာခဲ့ပြီ ဖြစ်ပါတယ်။
Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ လာမယ့်ရာသီသစ်က စတင်ပြီး ချဲလ်ဆီးရဲ့ ကျောနံပါတ် ၁၀ ဂျာစီ ပိုင်ရှင်ဟာ ဘရာဇီးလက်ရွေးစင် ဝီလီယံ ဖြစ်လာတော့မယ်လို့ ဆိုပါတယ်။
အသက် ၃၀ ရှိပြီ ဖြစ်တဲ့ ဝီလီယံကတော့ လစ်လပ်သွားတဲ့ ကျောနံပါတ် ၁၀ ဂျာစီကိုဝတ်ဆင်ခွင့်ရဖို့ အသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပြီး အသင်းက ခွင့်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ မူလကက ကျောနံပါတ် ၁၀ ကို အသင်းရဲ့ ကစားသမားသစ် ပူလီဆစ်(သို့)တက်သစ်စ လူငယ် ကစားသမား အိုဒွိုင်းတို့ထဲက တစ်ယောက်ယောက် ဝတ်ဆင်ခွင့်ရမယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။
“ ကျောနံပါတ် ၁၀ က ကျွန်တော့်အပိုင်ဖြစ်သွားပါပြီ” လို့ အင်တာဗျူးမှာ ဖြေသွားခဲ့တာပါ။ ဝီလီယံကတော့ ချဲလ်ဆီးအသင်းမှာဟာဇက်ရှိစဉ်က ၂၂ ဂျာစီကို ဝတ်ဆင်ကစားခဲ့ပေမယ့် ဘရာဇီး လက်ရွေးစင် ဂျာစီမှာတော့ ၁၀ ကို ဝတ်ဆင်ကစားနေသူ ဖြစ်ပါတယ်။