Photo - People Power
ဒီနေ့ မေလ ၂၀ ရက်နေ့မှာပဲ ဒုတိယမြို့တော်ဝန်ရဲ့စီမံမှုနဲ့ လမ်းဘေးခွေးတွေကို လှိုင်မြို့နယ်မှ ခွေးဂေဟာကို ပို့ဆောင်ဖို့ စီစဉ်နေစဉ်မှာ တိရိစ္ဆာန်ကာကွယ်ရေးမှဟုဆိုကာ လူတစ်စုက ပြဿနာရှာ လုယက်ခဲ့တာဖြစ်ပါတယ်။
"သူတို့ ဖမ်းတာကို လာတား၊ ခွေးကိုလည်း လုယူတယ်။ ဒီကိစ္စကို ဒုမြို့တော်ဝန်ဆီတင်ပြထားတယ်"လို့ ကျောက်တံတားစည်ပင်ဥက္ကဌက Duwun ကို ပြောပါတယ်။ ဒီလိုဖြစ်စဉ် ဖြစ်ခဲ့တာကြောင့် စည်ပင်သာယာရေးကော်မတီအနေနဲ့ လမ်းဘေးခွေးတွေဖမ်းဆီးပြီး ခွေးဂေဟာသို့ပို့ဆောင်ကာ မျိုးဆက်ခြားပေးတဲ့ အစီအစဉ်ကို ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
Photo - People Power
မြန်မာနိုင်ငံမှာ လေလွင့်ခွေးပေါင်း ၄ သန်းနီးပါးရှိပြီး ရန်ကုန်မြို့မှာတော့ ၁ သိန်းခွဲ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ ခွေးကိုက်ခံရမှုပေါင်း တစ်သိန်းကိုးသောင်းကျော် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ခွေးကိုက်ခံရမှုအများဆုံးနဲ့ ခွေးရူးရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။