မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသတွေမှာ ဝေးဝေးလံလံ ကျောင်းသွားတက်ရတဲ့ ကလေးငယ်တွေအတွက် စက်ဘီး အစီးရေ တစ်သောင်းကို စင်ကာပူနိုင်ငံမှာနေထိုင်သူ မြန်မာလူမျိုး ဦးသန်းထွန်းဝင်းက လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Photo- Than Tun Win
စကာၤပူနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့က စက်ဘီးတွေကို အခု ဇွန်လအတွင်း မြန်မာနိုင်ငံကို သယ်ဆောင်လာမှာ ဖြစ်ပြီး မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေက လိုအပ်နေတဲ့ ကျောင်းသားကလေးတွေဆီကို စတင်လှူဒါန်းသွားမယ်လို့လည်းသိရပါတယ်။
“ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေမှာကလေးတွေက ကျောင်းကို 2 km လောက် လမ်းလျှောက်သွားရတယ်။ ဒီစက်ဘီးတွေကို ကျောင်းသားကလေးတွေအတွက် အခမဲ့လှူဒါန်းမှာပါ။။ ” လို့ ဦးသန်းထွန်းဝင်းက လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားထားပါတယ်။
Photo- Than Tun Win
စက်ဘီးတွေဟာ စကာၤပူနိုင်ငံမှာ စက်ဘီးဌားရမ်းခြင်း ရပ်ဆိုင်းလိုက်တဲ့ ကုမ္ပဏီတွေဆီကနေ ပြန်လည်ဝယ်ယူထားခြင်းဖြစ်ရာ စက်ဘီးအသစ်တွေလည်းပါဝင်ပြီး မြန်မာနိုင်ငံမှာ သုံးလို့ရတဲ့ အနေအထားဖြစ်အောင် ပြန်လည်ပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်။
လက်ရှိတော့ စက်ဘီးအစီးရေ ၄၃၀၀ ကို မြန်မာနိုင်ငံကိုသယ်ဆောင်လာပြီး မကြာခင်မှာ ကျောင်းသားတွေထံ လှူဒါန်းသွားတော့မယ်လို့လည်းဆိုပါတယ်။
အဆိုပါ စက်ဘီးလှူဒါန်းခြင်းကို အသက် (၈) နှစ်အရွယ်ကတည်းက စကာၤပူနိုင်ငံမှာ နေထိုင်ခဲ့သူ ဦးသန်းထွန်းဝင်းက ဦးဆောင်ပြီး စက်ဘီးအစီးရေ (၅၀၀၀) လှူဒါန်းကာ Daung Capital၊ GS-kixx Oil၊ IME Group ကုမ္ပဏီ (၃) ခုက စက်ဘီးအစီးရေ (၅၀၀၀) စုစုပေါင်း အစီးရေ တစ်သောင်း လှူဒါန်းဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။