ဘန်ကောက်မြို့ဟာ ကမ္ဘာ့ လေထုညစ်ညမ်းမှုအများဆုံး ၁၀ ခုမြောက်နေရာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ လတ်တလော သီတင်းပတ်များအတွင်း လေထုညစ်ညမ်းနေမှုကို ဖြေရှင်းရန်အတွက် ထိုင်းအာဏာပိုင်တွေက မိုးတုရွာစေရန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

(Photo: AFP)

ရာသီဥတုကို ပြုပြင်တဲ့နည်းပညာအရ လေထုထဲကို ဓာတုဗေဒပစ္စည်းများ ဖြန်းပက်ခြင်းဖြင့် မိုးတိမ်များငွေ့ရည်ဖွဲ့စေရန် လုပ်ဆောင်မှုလည်းပါဝင်ပြီး သီအိုရီအရ ထိုသို့လုပ်ဆောင်ခြင်းဖြင့် မိုးရွာသွန်းမှု ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။



"Royal Rainmaking and Agricultural Aviation ဌာနရဲ့ ကျွမ်းကျင်သူတွေက အင်္ဂါနေ့မှာ မိုးတုရွာမယ် မျှော်လင့်ထားပါတယ်၊ ဒါပေမဲ့ ဒီလိုဖြစ်ဖို့က လေတိုက်နှုန်းနဲ့ စိုထိုင်းစ အခြေအနေတွေအရပေါ့" လို့ ထိုင်းနိုင်ငံ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာနမှ ညွန်ကြားရေးမှူးချုပ် Pralong Dumrongthai က သတင်းထောက်တွေကို တနင်္လာနေ့ (ဇန်နဝါရီ ၁၄ ရက်) မှာ ပြောခဲ့ပါတယ်။

(Photo: Soe Zeya Tun/Reuters)

ဆောက်လုပ်ရေးလုပ်ငန်းတွေ အများအပြား လုပ်ဆောင်နေတဲ့ ဘန်ကောက်မြို့မှာ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း လေထုညစ်ညမ်းမှု ဆိုးရွားနေခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စု Greenpeace ရဲ့ အဆိုအရ ဘန်ကောက်မြို့ဟာ ကမ္ဘာ့ လေထုညစ်ညမ်းမှုအများဆုံး ၁၀ ခုမြောက်နေရာအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

ယာဉ်အသွားအလာများမှု၊ မြို့ပြင်မှ လယ်သမားတွေက လယ်မြေများမီးရှို့မှုနဲ့ စက်ရုံများမှ မီးခိုးတွေကြောင့် ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘန်ကောက်မှာ လေထုညစ်ညမ်းနေမှုကို မကျေနပ်ကြတဲ့အကြောင်း ပြောဆိုမှုတွေလည်း ဆိုရှယ်မီဒီယာနဲ့ တီဗီအစီအစဉ်တွေမှာ ထွက်ပေါ်ပျံ့နှံ့နေခဲ့ပါတယ်။

(Photo: Bangkok Post)

"လေထုညစ်ညမ်းတဲ့ကိစ္စက ဘန်ကောက်မှာ ပိုပြီးတော့ ခဏခဏ ဖြစ်လာတယ်၊ ပိုမိုကောင်းမွန်တဲ့ လေထုအရည်အသွေးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းမှု လိုအပ်ပါတယ်" လို့ Greenpeace မှ တာဝန်ရှိသူကပြောကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း ဘန်ကောက်မြို့မှာ စည်ပင်ဝန်ထမ်းတွေက လမ်းမများတစ်လျှောက်နဲ့ လေထုထဲကို ရေဖြန်းပက်ကာ လေထုညစ်ညမ်းမှု လျော့ပါးသက်သာအောင် လုပ်ဆောင်နေခဲ့ကြပြီး အာဏာပိုင်တွေက အများပြည်သူကို နေအိမ်အတွင်းမှာ နေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က