မလေးရှားနိုင်ငံမှာ လေထုညစ်ညမ်းမှုအန္တရာယ်ကြောင့် ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်မှာ ပိတ်ပင်ထားရန် ညွှန်ကြားခဲ့တဲ့ Pasir Gudang မြို့ရှိ စာသင်ကျောင်း ၁၁၁ ကျောင်းကို ပြန်ဖွင့်ခဲ့ပြီးနောက် နာရီပိုင်းမျှအကြာ တနင်္ဂနွေနေ့ (ဇွန် ၃၀ ရက်) က ကျောင်းသူကျောင်းသားများ အသက်ရှူရခက်ခဲမှုနဲ့ မအီမသာဖြစ်ကာ ပျို့အန်ချင်မှုများ ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။
(Photo: Bernama)
Kopok National School စာသင်ကျောင်းကို ပြန်ဖွင့်ခဲ့စဉ်အတွင်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမအချို့ဟာ ယနေ့မနက် ၈ နာရီခွဲမှာ မူးမေ့မလိုဖြစ်ခဲ့ကြောင်း Bernama သတင်းက ပြောပါတယ်။
အလားတူ မူးမေ့မလိုဖြစ်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ကို Tanjung Puteri Resort National Secondary School, Seri Alam Dua National Secondary School, Taman Pasir Putih National School, Ladang Sungai Plentong Tamil school, Taman Nusa Damai National Secondary School နဲ့ Taman Cendana National School စာသင်ကျောင်းတွေမှာလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
(Photo: Bernama)
Sulan Ismail ဆေးရုံမှ အနည်းဆုံး အရေးပေါ်ကားသုံးစီးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စာသင်ကျောင်းသို့ အလျင်အမြန် သွားရောက်ခဲ့ကြပါတယ်။ မိဘတွေက ၎င်းတို့ရဲ့ကလေးတွေကို စာသင်ကျောင်းများမှ ပြန်လည်ခေါ်ဆောင်သွားကြကြောင်းလည်း သိရပါတယ်။ စာသင်ကျောင်း ၁၅ ကျောင်းမှ ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမ ၃၀ ခန့်ကို ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ခဲ့ရတယ်လို့ Bernama သတင်းမှာ ဖော်ပြပါတယ်။
၎င်းတို့ဟာ အော့အန်ခြင်း၊ မူးဝေးခြင်း လက္ခဏာတွေ ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ ကျောင်းသူကျောင်းသား ၁၃၀ ဦးထက်မနည်း အသက်ရှူရခက်ခဲမှုနဲ့ မအီမသာဖြစ်ကာ ပျို့အန်ချင်မှုတို့ ဖြစ်ခဲ့ကြောင်း၊ သို့သော် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီးနောက် ဆရာဆရာမ သုံးဦးအပါအဝင် စုစုပေါင်း ၃၀ ဦးကိုသာ ဆေးရုံသို့ပို့ခဲ့ကြောင်း ဂျိုဟာပြည်နယ် ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ်ကော်မတီ ဥက္ကဋ္ဌ Mohd Khuzzan Abu Bakar က ပြောခဲ့ပါတယ်။
(Photo: Bernama)
စာသင်ကျောင်းတွေကို တနင်္ဂနွေနေ့မှာ ပုံမှန်အတိုင်း ဆက်လက် ဖွင့်ထားမယ်လို့လည်း ၎င်းကဆိုပါတယ်။ "တစ်ကယ်လို့ ကျောင်းသူကျောင်းသားတွေမှာ ရုတ်တရက် အသက်ရှူရခက်တာ၊ မအီမသာဖြစ်ပြီး ပျို့အန်ချင်တဲ့ လက္ခဏာတွေ ဖြစ်လာခဲ့ရင် သူတို့ကို ဆေးရုံဆေးခန်းပို့ဖို့ အကြံပြုပါတယ်၊ ဒီမနက်ပိုင်းမှာ Pasir Gudang Emergency Mutual Aid (Pagema) က တိုင်းတာမှုအရ လေထုအရည်အသွေးက ပုံမှန်အခြေအနေမှာ ရှိနေဆဲပါပဲ" လို့ Mohd Khuzzan Abu Bakar က သတင်းထောက်တွေကို ဇွန်လ ၃၀ ရက်မှာ ပြောခဲ့ပါတယ်။
(Infographic: Bernama)
၎င်းရဲ့အဆိုအရ အသက်ရှူရခက်မှုနဲ့ မအီမသာဖြစ်ကာ ပျို့အန်ချင်တဲ့ လက္ခဏာဖြစ်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေအနက် အများစုဟာ စာသင်ကျောင်းရဲ့ ပိုမြင့်တဲ့ အထပ်တွေရှိ စာသင်ခန်းတွေမှ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။ "ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူတို့ကို အောက်ထပ်တွေမှာ ရွှေ့ပြောင်းနေရာချထားပေးသွားပါမယ်" လို့ Mohd Khuzzan Abu Bakar က ပြောပါတယ်။