တောမီးလောင်ရာမှ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်များအတွင်း ကောင်းကင်တစ်ခုလုံး အနီရောင်ပြောင်းသွားခဲ့မှုဟာ တောမီးလောင်ရာမှ လေထုညစ်ညမ်းမှုနဲ့ ဆက်နွယ်နေတဲ့ ဖြစ်စဉ်တစ်ခုကြောင့်ဖြစ်ကြောင်း အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒဆိုင်ရာဌာန (BMKG) က ပြောပါတယ်။

(Photo: Eka Wulandari)

ဂျမ်ဘာပြည်နယ် ကောင်းကင်ယံဟာ အနီရောင်နဲ့ လိမ္မော်နီရောင်အဖြစ်သို့ ပြောင်းလဲသွားတဲ့ ဓာတ်ပုံတွေကို ဒေသခံတွေကို ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ကြပါတယ်။ ဂျမ်ဘာဒေသခံတွေဟာ မျက်လုံးကျိန်းစပ်ပြီး လည်ချောင်းနာမှုကိုလည်း ခံစားကြရတယ်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ယမန်နေ့ (စက်တင်ဘာ ၂၂ ရက်) မှာတော့ BMKG က ထိုသို့ ကောင်းကင်အရောင်ပြောင်းလဲသွားမှုဟာ Mie ကွဲထွက်မှုဖြစ်စဉ် (Mie scattering) ကြောင့် ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။



(Photo: BMKG/Instagram)

Mie ကွဲထွက်မှုဖြစ်စဉ် သဘောတရားအရ aerosols ခေါ် လေထုထဲမှာ ပျံ့လွင့်နေပြီး အလွန်သေးငယ်တဲ့ အမှုန်လေးများကြောင့် နေရောင်ခြည်ကွဲထွက်မှုဖြစ်စဉ် ဖြစ်ပေါ်ရာမှ ကောင်းကင်ဟာ အရောင်ပြောင်းသွားခဲ့ကြောင်း BMKG က ရှင်းပြပါတယ်။ ထိုဖြစ်စဉ်ကို aerosols ခေါ် အမှုန်လေးများရဲ့ အချင်းအကွာအဝေးဟာ မြင်သာတဲ့ နေရောင်ခြည်ရဲ့ လှိုင်းအလျားနဲ့ တူညီချိန်မှာ ဖြစ်ပေါ်လေ့ရှိကြောင်း BMKG က ပြောပါတယ်။

(Photo: Eka Wulandari)

"အနီရောင်အလင်းဟာ လှိုင်းအလျား ဝ.၇ မိုက်ခရိုမီတာရှိပါတယ်၊ BMKG အချက်အလက်အရ ဂျမ်ဘီပြည်နယ်၊ ပလမ်ဘန်းမြို့နဲ့ ပီကန်ဘာရူမြိုတွေမှာ ၁၀ မိုက်ခရိုမီတာအောက်ရှိ လေထုညစ်ညမ်းမှုဖြစ်စေတဲ့ အမှုန်လေးတွေ စုစည်းမှုက အလွန်မြင့်တက်နေခဲ့ပါတယ်၊ ဒါပေမဲ့ ဂျမ်ဘီပြည်နယ် မူအာရိုဂျမ်ဘီဒေသ ကောင်းကင်ကပဲ အနီရောင်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်၊ ဒါက အဲဒီနေရာမှာ ဝ.၇ မိုက်ခရိုမီတာ အချင်းအရွယ်အစားရှိတဲ့ အမှုန်လေးတွေ စုစည်းမှု အလွန်မြင့်မားနေတယ်ဆိုတဲ့ သဘောပါ" BMKG က ဆိုပါတယ်။

(Photo: Eka Wulandari)

ကောင်းကင်အနီရောင်ပြောင်သွားခဲ့တဲ့ နေရာမှာနေထိုင်သူ Zuni Shofi Yatun Nisa အမည်ရှိ Twitter အသုံးပြုသူတစ်ဦးက "ဒါ မွန်းလွဲပိုင်းနော်၊ ညဘက်မဟုတ်ပါဘူး၊ ဒါက ကမ္ဘာကြီးမှာ အင်္ဂါဂြိုဟ်မဟုတ်ပါ၊ ဒီနေရာက ဂျမ်ဘီပါ၊ အာကာသထဲမှာ မဟုတ်ပါဘူး၊ အဆုတ်တွေနဲ့ အသက်ရှူနေကြတာပါ၊ ပါးဟက်နဲ့မဟုတ်ပါဘူး၊ ငါတို့လူသားတွေက သန့်ရှင်းတဲ့လေကို လိုအပ်တာ၊ မီးခိုးမဟုတ်ဘူး" လို့ Tweet ရေးထားကြောင်း CNA သတင်းက ဖော်ပြပါတယ်။

(Photo: The Star/Asia News Network)

အင်ဒိုနီးရှားမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆီအုန်းပင်စိုက်ရန်အတွက် တောမီးရှို့ရှင်းလင်းမှုကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကို ပုံမှန် ကြုံတွေ့နေကျဖြစ်ပါတယ်။ အဆိုပါ မီးခိုးငွေ့တွေဟာ အရှေ့တောင်အာရှဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံတွေအထိလည်း ရောက်လေ့ရှိပါတယ်။ သို့သော် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပူပြင်းခြောက်သွေ့ကာလ ပိုမိုကြာရှည်စေခဲ့ပြီးနောက်ပိုင်း ယခုနှစ် မီးခိုးငွေ့အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်လာခဲ့ပါတယ်။


Share

Loading Next Article...
က္က