အောက်တိုဘာလ ၁၃ ရက်နေ့ ဒီနေ့ကို No Bra Day အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အောက်တိုဘာလကိုတော့ ရင်သားကင်ဆာ သတိပြုနှိုးဆော်တဲ့လအဖြစ် သတ်မှတ်ထားကြပါတယ်

No Bra Day

အမျိုးသမီးတိုင်းအတွက် အသံတိတ်လူသတ်သမားဖြစ်တဲ့ ရင်သားကင်ဆာကို သတိပေးနှိုးဆော်တဲ့အနေနဲ့ No Bra Day ကို အောက်တိုဘာလ ၁၃ ရက်နေ့အဖြစ် သတ်မှတ်ထားကြပါတယ်။ အမျိုးသမီးတွေကို ရင်သားကင်ဆာမဖြစ်စေဖို့ ရင်သားကင်ဆာရဲ့ အရေးကြီးပုံတွေ ၊ ရောဂါလက္ခဏာတွေနဲ့ ရင်သားကင်ဆာ ကင်းစင်ရေးအတွက် ၂၄ နာရီကြာ ဘရာစီယာ မဝတ်ဆင်ကြဖို့ တိုက်တွန်းတဲ့နေ့ပဲ ဖြစ်ပါတယ်။ No Bra Day ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ရာကနေ ၃နှစ်အကြာမှာတော့ အောက်တိုဘာ ၁၃ ရက်နေ့ကို ပြောင်းလဲသတ်မှတ်လိုက်ပြီး အောက်တိုဘာလကိုလည်း ရင်သားကင်ဆာ သတိပြုနှိုးဆော်တဲ့လ အဖြစ် သတ်မှတ်လိုက်ကြပါတယ်။

လှောင်ပြောင်စရာမဟုတ်

ဆိုရှယ်မီဒီယာ အသုံးပြုသူတချို့ကတော့ ဒီလိုနေ့တွေမှာ ရင်သားကင်ဆာအတွက် သတိပေးတဲ့ ပို့စ်တွေ ၊ ဓာတ်ပုံတွေကို #nobraday လို့ တင်ကြလေ့ရှိပြီး တချို့ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ ဘရာမဝတ်ထားတဲ့ ပုံတွေကို တင်ကြလေ့ရှိပါတယ်။ လှောင်ပြောင်ရယ်မောကြသူတွေ ရှိကြပေမယ့်လည်း တကယ်တော့ No Bra Day ဟာ လှောင်ပြောင်ရယ်မောစရာတော့ မဟုတ်ပါဘူး။ ရင်သားကင်ဆာကို ခံစားနေကြရတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ နေ့ ၊ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ အသိပေးနှိုးဆော်တဲ့ နေ့မို့ တကယ်ကို အလေးထားဆင်ခြင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးရဲ့ ရင်သားဆိုတာ ကျန်းမာရေးအတွက်ဆိုတာမျိုးထက် အရှက်တရား နဲ့ လိင်ကိစ္စကိုသာ ဦးတည်အသားပေးကြတာများပါတယ်။

အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ အိမ့်မြတ်နိုးဦးကတော့ သူ့ရဲ့ ဘယာဝတ်ဆင်မှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို Duwun ကို ခုလို ပြောပြပါတယ်။

"ညီမအခုအသက်က၂၁ပေါ့ ။ ၁၄ နှစ်ကနေ အခုအထိ ခါးရှည်ပိတ်ဘော်လီတွေပဲဝတ်ရတယ်။ အိမ်မှာကဒီနေ့အထိဘရာ ဝတ်ခွင့်မပေးခဲ့ဘူး။ ဘရာဝတ်ဖို့ဝယ်လာရင် အပျိုလေးတန်မဲ့တို့ ကလေးအမေတွေမှဘရာဝတ်တာတို့ဆိုပြီး အဆူခံအဆဲခံရတယ်။ အခု၁နှစ်လောက်ရှိပြီ အိမ်မှာနေရင် ဘော်လီရော၊ ဘရာရောဘာမှမဝတ်ဘူး။ ဒါတွေက တင်းတင်းရင်းရင်းရှိတာမှန်ပေမယ့် ၂၄နာရီပတ်လုံးကြီးဝတ်ထားဖို့ကြအဆင်မပြေဘူးလေ။ အရင်ဆို ညဘက်တောင်ချွတ်မအိပ်ရဘူး အဆူခံရတယ်။ "မိန်းကလေးမဟုတ်ဘူးလား အမြင်မတင့်တယ်ဘူး အရှက်မရှိဘူးလားတို့ပေါ့ "။ ကင်ဆာဟာအရှက်တရားလောက်အရေးကြီးတဲ့ပုံမပေါ်ဘူးထင်ကြပုံရတယ်။ ပိုဆိုးတာက အိမ်နေရင်းဘရာချွတ်ထားတာများတော့ ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ၊ ကန်တော့ပါရဲ့ "ရွဲနေပြီတို့ တင်းတင်းရင်းရင်းမရှိဘူး ပုံပျက်နေပြီ" တို့အထိ ပေါ်တင်အပြောခံရတယ်။စေတနာနဲ့လား ကဲ့ရဲ့တာလား ဝေလည်းမခွဲတတ်ပေမယ့် အဲ့လိုအပြောခံရရင်တကယ်အဆင်မပြေပါဘူး။ ဒီမှာတော့ အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့သက်သောင့်သက်သာရှိမှုဟာ ရင်သားတင်းတင်းရင်းရင်းရှိမှုလောက်လည်းအရေးပါမယ်မထင်ပါဘူး။ အဲ့ရင်သားတင်းတင်းရင်းရင်းရှိတော့ရော ဘယ်နေရာမှာများ အသုံးဝင်သလဲဆိုပြီး တွေးမိတယ်။"

No Bra Day ဆင်နွှဲကြသူများ

မြန်မာနိုင်ငံမှာ No Bra Day နဲ့ ပတ်သက်ပြီး ခမ်းခမ်းနားနားကျင်းပတာမျိုးမရှိကြသေးပေမယ့် အနောက်နိုင်ငံတွေမှာတော့ No Bra Day ကို စိတ်ဝင်စားစရာနည်းလမ်းတွေနဲ့ ကျင်းပကြလေ့ရှိပါတယ်။ ရင်သားကင်ဆာဖြစ်နေကြတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဘရာ ဒီဇိုင်းဆွဲပြိုင်ပွဲတွေ ကျင်းပတာ ၊ ဒီဇိုင်းတွေကို လေလံပစ်တာ ၊ လူစုလူဝေးနဲ့ ကခုန်တာ ၊ သီချင်းသီဆိုတာ ၊ ပညာပေးဟောပြောတာ ၊ ဆင်တူဝတ်ဆင်ကြတာ ၊ ရံပုံငွေရှာတာ မျိုးတွေ ပြုလုပ်ဆင်နွှဲလေ့ရှိကြပါတယ်။

ဒေါက်တာ မေသက်ကျော်ကတော့ No Bra Day အကြောင်းကို Madi ကို ခုလို ရှင်းပြပါတယ်။

" ရင်သားကင်ဆာဟာ ကင်ဆာရောဂါတွေထဲမှာ ဒုတိယမြောက် အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသမီး ၈ဦးမှာ တစ်ဦးဖြစ်ပွားကြပါတယ်။ အမျိူးသားတွေမှာလည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။ အမျိူးသား တစ်ထောင်မှာ တစ်ဦးဖြစ်ပွားနိုင်ချေရှိတယ်လို့ စစ်တမ်းများကဆိုပါတယ်။အမေရိကန်ပြည်ထောင်စုမှာတော့ နှစ်မိနစ်တိုင်းမှာ ရင်သားကင်ဆာလူနာတစ်ဦးစီ ရောဂါရှာဖွေတွေ့ရှိနေရတယ်လို့ဆိုပါတယ်။ ရင်သားကင်ဆာဟာ စောစီးစွာ သိရှိမယ်ဆိုရင် ကုသလို့ လုံးဝပျောက်ကင်းနိုင်တဲ့ ကင်ဆာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတို့အနေနဲ့ မိမိတို့ရဲ့ ရင်သားအပြောင်းအလဲကို သတိမူမိဖို့လိုအပ်သလို နှစ်စဉ်နှစ်တိုင်း ရင်သားကင်ဆာစစ်ဆေးမှုတွေ ပုံမှန်စမ်းသပ်စစ်ဆေးဖို့လိုအပ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဒီလို ဖြစ်ပွားနှုန်းမြင့်ပြီး စောစီးစွာသိရှိရင် အသက်ကယ်တင်နိုင်မှာဖြစ်တဲ့ ရင်သားကင်ဆာရောဂါအပေါ် အသိအမြင်မြှင့်တင်ပေးဖို့အတွက် ရည်ရွယ်ပြီး လူမှုကွန်ရက်တွေပေါ်မှာ အောက်တိုဘာလ ၁၃ရက်နေ့ရောက်တိုင်း အမျိုးသမီးဝတ်အတွင်းခံ ဘရာစီယာတွေမဝတ်ကြတဲ့ လှုပ်ရှားမှုတွေ တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားလာကြပါတယ်။ ရင်သားကင်ဆာရောဂါကနေ ခွဲစိတ်ကုသမှုခံယူပြီး ရှင်သန်လာကြသူအမျိူးသမီးတွေဟာ ရင်သားအတုပါဝင်တဲ့ ဘရာစီယာတွေ ဝတ်ဆင်ပြီးမှ သွားလာလှုပ်ရှားရတာကြောင့် ခွဲစိတ်ကုသထားသူအမျိုးသမီးတွေနဲ့အတူ ရပ်တည်ပြီး အမျိုးသမီးအားလုံး ဘရာစီယာမဝတ်ဘဲ သွာလာလှုပ်ရှားကြဖို့ တိုက်တွန်းအားပေးရာက no bra day လှုပ်ရှားမှုတွေ ပြန့်နှံ့လာပါတယ်။ ဘရာစီယာဝတ်ခြင်းကြောင့် ရင်သားအတွင်း ရင်သားကင်ဆာဖြစ်ပွားနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်မျိူးအတွက်တော့ ဆေးပညာအရ သိပ္ပံနည်းကျ အထောက်အထားမတွေ့ရှိရသေးပါဘူး။ ဒါ့အပြင် အမျိူးသမီးအခွင့်အရေး အခွင့်အရေး ရှု့ထောင့်ကနေလည်း အမျိုးသမီးများရဲ့ တန်းတူညီမျှရေးအတွက် ဘရာစီယာမဝတ်ဘဲ လွတ်လပ်စွာသွားလာနေထိုင်နိုင်ရေး တောင်းဆိုလှုပ်ရှားနေကြတာလဲ ရှိပါတယ်"

ရင်သားကင်ဆာဝေဒနာရှင်များအား စာနာတဲ့နေ့



ရင်သားကင်ဆာကင်းစင်ဖို့ အသိပေးနှိုးဆော်တဲ့နေ့လည်းဖြစ်သလို ဝေဒနာရှင်တွေကို စာနာနားလည်ပေးတဲ့နေ့လည်းဖြစ်ပါတယ်။ ရောဂါဝေဒနာကို ခံစားနေကြရတဲ့သူတွေကို စာနာနားလည်ခြင်းအားဖြင့် ၊ ရင်သားကင်ဆာကြောင့် ခွဲစိတ်ကုသထားရတဲ့ အမျိုးသမီးတွေကို စာနာနားလည်သောအားဖြင့် ရင်သားခွဲစိတ်ထားတဲ့ အမျိုးသမီးတွေနဲ့ တန်းတူ အမျိုးသမီးတွေအားလုံး ဘရာစီယာမဝတ်ဘဲ သွားလာလှုပ်ရှားကြဖို့ တိုက်တွန်းရာကနေ No Bra Day ဆိုတာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ရင်သားကင်ဆာဟာ ကင်ဆာရောဂါတွေထဲမှာ ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်ပြီး အမျိုးသမီး ၈ဦးမှာ တစ်ဦးဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမယ့်လည်း စောစီးစွာ သိရှိပြီး ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တဲ့ ကင်ဆာမျိုးဖြစ်တဲ့အတွက် အမျိုးသမီးတွေအနေနဲ့ နှစ်စဉ်နှစ်တိုင်း ကိုယ့်ရဲ့ ရင်သားပြောင်းလဲမှုကို သေချာသတိထားစောင့်ကြည့်တာ ၊ ရင်သားကင်ဆာရှိမရှိ စစ်ဆေးတာမျိုး ပြုလုပ်သင့်ကြောင်း ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါရစေ။

Share

Loading Next Article...
က္က