နေမင်းရဲ့ မန္တလေး ခရီးစဉ်ကတော့ လေယာဉ်ပျက်တာနဲ့ အန္တရာယ်ကင်းအောင် ပြေးခဲ့ရတာက အမှတ်တရပဲလို့ ဆိုပါတယ်။ ဒီနေ့ (မေလ ၁၂ )ရက်နေ့ မနက်က Myanmar National Airline လေယာဉ်ဟာ မန္တလေး လေဆိပ်မှာ ရှေ့ဘီးမကျဘဲ ဆင်းခဲ့ရတယ်လို့ သိရပါတယ်။
Photo: Nay Min
သရုပ်ဆောင် နေမင်း ပါဝင်တဲ့ Myanmar National Airline လေယာဉ်ဟာ Mandalay International Airport မှာ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ရှေ့ဘီးမကျဘဲ ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် အန္တရာယ်ကနေလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
‘’လေယာဉ်ပျက်တဲ့ထဲမှာ ကိုယ်ပါဝင်ဖူးခဲ့ပြီ။ ဘဝမှာအမှတ်တရ အဖြစ် ထာဝရမမေ့နိုင်တော့ပြီ။ အခုဖြစ်နေတာပါ။ အသက်အန္တရာယ်ဘေးကင်းခဲ့ပါပြီ’’ ဆိုပြီးတော့ မေလ ၁၂ ရက်နေ့ မနက် ၉နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို နေမင်းက ဗီဒီယို မှတ်တမ်းရိုက်ယူကာ ဖေ့စ်ဘွတ်ပေါ်မှာတင်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်ပေါ်မှာ နေမင်းနဲ့အတူ နောက်ထပ် အနုပညာရှင်တချို့လည်း ပါဝင်လာတာကို တွေ့ရပါတယ်။
Photo: Nay Min
နေမင်းက လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလက်ခံဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ဒါပေမယ့် သူဟာ ရုပ်ရှင်ဇာတ်ကားတွေကို သူ့စိတ်ကြိုက်ရွေးချယ်ပြီးမှာသာ ဇာတ်ကားရိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့မိသားစုရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ဇာတ်ကားတွေအများကြီးရိုက်ထားတယ်လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။
'' လက်ရှိမှာ ကျွန်တော်တို့ ကုမ္မဏီကလည်း ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက များနေတယ်။ ပြီးတော့ ရုံတင်ဖို့ရက်တွေ စောင့်နေရတာ တွေလည်း ရှိတယ်။ အဲ့ဒီလိုမျိုးပေါ့။ ရုပ်ရှင်ကျတော့လည်း ကျွန်တော် မကြိုက်တဲ့ ဇာတ်လေးတွေဆို မရိုက်ဖြစ်တာနဲ့ ကာရိုက်တာ ရွေးတာနဲ့ လာကမ်းလှမ်းတဲ့ဟာကို မရိုက်ဖြစ်တာ များပါတယ်'' လို့ သူကဆိုပါတယ်။
Photo: Nay Min
သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။