ဒီနေ့ စက်တင်ဘာ ၅ ရက် မနက် ၁၀ နာရီခွဲခန့်က ရန်ကုန်လေဆိပ်မှာ Y8 အမျိုးအစား တပ်မတော်လေယာဉ် တစ်စီး အတက်မှာ ဘီးချော်မှုကြောင့် လေဆိပ်ပြေးလမ်းယာယီပိတ်ထားရတယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က အတည်ပြု ပါတယ်။
“ ယာယီပိတ်ထားတာဟုတ်ပါတယ်။ ကျွန်မတို့ လေယာဉ်တစ်စီး ပြေးလမ်းမှာ ဘီးနည်းနည်းချော်သွားလု့ိပါ” လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် စုံစမ်းရေးဌာနတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
Photo- TTG Asia (ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုတွေ့ရစဉ်)
ရန်ကုန်လေဆိပ်ကနေ ထွက်ခွာမယ့် လေယာဉ်တွေကိုတော့ ထွက်ခွာခွင့်ပြုထားပြီး လေဆိပ်ကို ဆင်းသက်မယ့် လေယာဉ်တွေကို ခေတ္တ ယာယီ ပိတ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လေဆိပ်ပြေးလမ်းကို ရှင်းလင်းနေပြီး နေ့လည် ၂ နာရီလောက်အထိ ကွင်းကို ယာယီပိတ်ထားရနိုင်တယ်လို့လည်း ဆိုပါတယ်။
ဘယ်အချိန်မှာ ပြန်ဖွင့်နိုင်မလဲဆိုတာကို အတိအကျမပြောနိုင်သေးဘူးလို့ ရန်ကုန်လေဆိပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရန်ကုန်လေဆိပ် ယာယီပိတ်ထားတာကြောင့် ရန်ကုန်ကို ဆင်းသက်မယ့် ဟဲဟိုး-ရန်ကုန်၊ ကော့သောင်း-ရန်ကုန်၊ ဟဲဟိုး-ရန်ကုန်၊ မန္တလေး-ရန်ကုန် ခရီးစဉ် ပြည်တွင်းလေကြောင်းလိုင်း လေယာဉ် (၄) စီးမှာ နေပြည်တော် လေဆိပ်မှာ ခေတ္တဆင်းသက်ရပ်နားပြီး စောင့်ဆိုင်းနေတယ်လို့ မြန်မာလေကြောင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးအသင်းက သတင်းထုတ်ပြန်ထားပါတယ်။