လစာတိုးမြှင့်ခံစားခွင့်ပေးပို့ ရခိုင်ပြည်နယ် ဘဏ္ဍာ၊အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြတောင်းဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ အစိုးရဝန်ထမ်းတွေကို လစာနှစ်ဆပ် ထပ်မံံံတိုးမြှင့် ခံစားခွင့်ပြုလိုက်တယ်လို့ ရခိုင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ဖေဖော်ဝါရီ ၁၉ ရက် နေ့စွဲနဲ့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

မောင်တောမြို့အဝင်မြင်ကွင်း ( photocredit - KHAOCOD.CO.TH)

မောင်တောခရိုင် မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တာဝန်ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ နိုင်ငံ့ဝန်ထမ်းတွေကို တိုးမြှင့်ပေးလိုက်တယ်ဆိုပြီး ရခိုင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမော်လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။

၂၀၁၉ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း မူရင်းလစာရဲ့ နှစ်ဆကို ထောက်ပံ့ငွေ အဖြစ် ဆက်လက်ခံစားခွင့်ပြုထားပြီး နေ့စားအလုပ်သမားတွေရဲ့ နေ့စားလုပ်ခကို ကျပ် ၆၅၀၀ နှုန်းနဲ့ ဆက်လက်ခံစားခွင့်ပြုထားတယ်လို့ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မောင်တောခရိုင်က အစိုးရဝန်ထမ်းတွေကို ဒေသဆိုင်ရာ လုံခြုံရေးအခြေအနေအရ အထူးကိစ္စရပ်အဖြစ် အခုလို လစာတိုးမြှင့်ခံစားခွင့်ပေးပို့ ရခိုင်ပြည်နယ် ဘဏ္ဍာ၊အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။

မောင်တောခရိုင်အတွင်းက အစိုးရဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ အပြီး အခုလို ၃ လ တစ်ကြိမ်စီ ထောက်ပံ့မှု ပေးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က