(ဓာတ်ပုံ-ရဲဇာနည်)
မောင်တောမြို့၊ ဝေသာလီကျေးရွာ၊ မောင်တော-အငူမော်သွား ကားလမ်းဘေးမှာရပ်ထားတဲ့ HINO အမျိုးအစား မော်တော်ယာဉ်အနီး ရောက်ရှိလာတဲ့ မြင့်စိုးဆိုသူရဲ့ မော်တော်ဆိုင်ကယ်ကို စစ်ဆေးဖို့ ရပ်ခိုင်းစဉ်မှာ မောင်းပြေးတာကြောင့် မော်တော်ယာဉ်ကို စစ်ဆေးခဲ့ပါတယ်။
ထိုသို့ စစ်ဆေးရာမှာ မော်တော်ယာဉ်ရဲ့ ကြမ်းခင်းအံဝှက်အတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈၇ဒသမ ၇၅ သိန်းကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ပမာဏက ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့မှုတွေထဲမှာ စံချိန်တင်ပမာဏလည်း ဖြစ်လာပါတယ်။ ဆိုင်ကယ်ဖြင့် မောင်းနှင်ပြေးသွားတဲ့ မြင့်စိုးဆိုသူကိုတော့ မောင်တောမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပါတယ်။
နိုင်ငံတော်သမ္မတရုံးကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အတွင်း မူးယစ်အမှုပေါင်း ၂၅၈ မှုဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့ စိတ်ကြွဆေးပါး ၇ သိန်းခွဲကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်တာကြောင့် ဖေဖော်ဝါရီလအတွင်းက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးပြားတွေရဲ့ ပမာဏထက် များပြားနေတဲ့ မူးယစ်ဆေးပြားတွေကို မောင်တောမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးအမှုတွေနဲ့ ပါတ်သတ်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် သမ္မတရုံးရဲ့ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန ဖုန်း၀၆၇-၅၉၀၂၀၀ ကို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။